မုံရွာမြို့၏တည်နေရာ
မုံရွာမြို့သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းအတွင်တည်ရှိပြီး၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၈မိနစ် ၃၀စက္ကန့် နှင့် မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၆မိနစ် ၃၀စက္ကန့်အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ဆုံရာအရပ်မှ ၅၀ မိုင်အကွာတွင် တည်ရှိသည်။ စစ်ကိုင်းမြို့မှ အနောက်ဖက် ၆၅ မိုင် ကွာဝေးသည်၊ မုံရွာမြို့သည် မြေနိမ့်ပိုင်းတွင်တည်ရှိသဖြင့် မြစ်ရေတိုးလာသောအခါ အကာအကွယ်ဖြစ်စေရန် မြစ်ကမ်းတွင် တာတမံများ ဆောက်လုပ်ထားသည်။ မုံရွာမြို့တွင် ၁၉၅၆ ခုနှစ် တပေါင်းလက မီးအကြီးအကျယ်လောင်သွားသဖြင့် လက်ရှိမုံရွာမြို့ ကို ပြန်လည် တည်ဆောက်သော မြို့သစ်ဟု ခေါ်ဆိုရပေမည်။ မုံရွာမြို့သည် မြန်မာနိုင်ငံ၏ အနောက်ဖက် ချင်းတွင်းမြစ်၏ အရှေ့ဖက်ကမ်းတွင် တည်ရှိသည်။ မန္တလေးနှင့် ကလေးမြို့ကို ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် တည်နေသည်။ မုံရွာမြို့တွင်းမှာ တည်ထားသော ဘုရားကြီးနှစ်ဆူရှိပါသည်။ ရွှေစည်းခုံစေတီ နှင့် ဆုတောင်းပြည့်စေတီ တို့ ဖြစ်ကြသည်။ တစ်နှစ်မှတခါ ကျင်းပသော မုံရွာမြို့၏ အခမ်းနားဆုံးပွဲတော်မှာ ဆုတောင်းပြည့် ဘုရားကြီးပွဲတော် ဖြစ်သည်။ သီတင်းကျွတ် ကာလပွဲတော်မှာ အလွန်စည်ကား၍ ရက်ပေါင်း ၁၀ ရက်ကြာသည်။ "မုံရွာ၏နောက်ခံသမိုင်း" မုံရွာသည် အေဒီ ကိုးရာစု မူလမြန်မာများ မ၀င်ရောက်မှီ ပုဂံခေတ်ဦးပိုင်းကတည်းက တည်ရှိခဲ့သော ရွာ ဖြစ်သည်။ ယခု မုံရွာတည်ရှိရာ ဗုဒ္ဓမြတ်စွာဘုရားမပွင့်မှီအခါက မုံပင်ကြီး ခေါ် အပင်ကြီး တစ်ခုအောက်တွင် ရသေ့ တစ်ပါး စံတော်မူခဲ့သည်။ မြတ်စွာဘုရားပွင့်တော်မူမည်ကို ဗျာဒိတ်တော်ပေးခဲ့သောကြောင့် ထိုနေရာကို မုံပင် ဟုခေါ်ခဲ့ကြသည်မှစ၍ မုံရွာ ဖြစ်လာသည်ဟု ဆိုကြသည်။ အခြားတစ်ခုအဆိုအရ မုံသည်မ တစ်ဦးအား ပနီစကု ဘုရင်က မိဘုရား အဖြစ် တင်မြှောက်ရာမှ ၎င်းရွာကို မုံသည်မရွာ ဟုခေါ်ခဲ့ကြရာမှ မုံရွာ ဖြစ်လာသည်ဟု ဆိုကြသည်။ မုံရွာဟု အမည်ခေါ်ဆိုခြင်း နှင့် ပတ်သတ်အခြားအဆိုများစွာရှိနေသည်။ မုံ့သည်မရွာ မှ မုံရွာအဖြစ်သို့ လည်းကောင်း၊ လှေပြိုင်ပွဲများ ကျင်းပရာတွင် မုန်းတိုင်(ပန်းတိုင်)စိုက်ထူလေ့ရှိသဖြင့် မုန်းရွာ မှ မုံရွာအဖြစ်သို့လည်းကောင်း၊ မုံပင်အများအပြား ပေါက်ရောက်သဖြင့် မုံပင်ကိုအစွဲပြု၍ မုံရွာအဖြစ်သို့လည်းကောင်း အမျိုးမျိုးကွဲပြားနေသော်လည်း တွေ့ရှိရသော သမိုင်းအထောက်အထားများစွာ တွေ့ရသည်။ မည်သို့ပင်ခေါ်ဆိုသမုတ်သည်ဖြစ်စေ မုံရွာသည် ပုဂံခေတ်ဦးပိုင်းကတည်းက တည်ရှိသည်ဆိုခြင်းကို မငြင်းကွယ်နိုင်ချေ။ ရှေးဟောင်းပညာရှင်များ လေ့လာမှုအရ မုံရွာဒေသတွင် နှစ်တစ်သန်းလောက်မှ စ၍ လူများ နေထိုင်သည့် အထောက်အထားများ တွေ့ရှိခဲ့ကြသည်။ မုံရွာ အရှေ့ဘက်ရှိ ရွှေမြင်တင် တောင်ကုန်းတွင်း ရှေးဟောင်းလူရိုး နှင့် ဦးခေါင်းခွံများ ရှာဖွေတွေ့ရှိထားသည်။ မြေအိုး နှင့် အရိုးအိုးများကို လည်း ကျောက္ကာရွာ တွင် တွေ့ရှိခဲ့ သည်။ ကွေ့ကြီးရပ်ကွက်ရှိ စုပင်ဖြူရွာတွင် ရှေးဟောင်းလူရိုးနှစ်ခုကို ကျောက်ပုစိန် လေးခု၊ ကျောက်ကွင်း လေးခု၊ မြေပုတီးများနှင့်အတူ တွေ့ရှိခဲ့သည်။ ၎င်းအချက်များက မုံရွာသည် လွန်ခဲ့သော နှစ်များစွာကပင် တည်ရှိခဲ့ကြောင်း ထင်ရှားစေသည်။ ပုဂံခေတ်ကျောက်စာတွင် “မုန်ရွာ”ဟုတွေ့ရသည်။ သာလွန်မင်းစစ်တမ်းတွင် မုန်ရွာဟု ဖော်ပြသည်။ ကုန်းဘောင်ခေတ်တွင် အလုံမြို့ စီရင်စုအတွင်းရှိ မုံရွာကျေးရွာဖြစ်သည်။ "မုံရွာမြို့ဖြစ်ပေါ်လာခြင်း" ရှေးမြန်မာမင်းလက်ထက်ကမူ ရွာကြီးမျှသာဖြစ်၍ အလုံမြို့သာလျှင် ထင်ရှားခဲ့ပေသည်။ ဗြိတိသျှတို့လက်ထက် ၁၈၈၈ ခုနှစ်တွင် ချင်းတွင်းခရိုင်ကို နှစ်ပိုင်းခွဲလိုက်သည်တွင် မုံရွာမြို့ကို ချင်းတွင်းခရိုင်အောက်ပိုင်း၏ ရုံးစိုက်မြို့အဖြစ် ရွေးချယ်ခဲ့သည်။ထိုကြောင့် မုံရွာသည် ဗြိတိသျှ ကိုလိုနီခေတ်တွင် အရေးပိုင်ရုံးကို အလုံမြို့မှ မုံရွာသို့ ပြောင်းရွှေ့ဖွင့်လှစ်သည့် (၁၈၈၈)ခုနှစ်မှပင် မုံရွာသည် မြို့အဖြစ်သို့ရောက်ရှိလာခဲ့သည်။ သို့ဖြစ်၍ ယခုအခါ မုံရွာမြို့၏ မြို့သက်တမ်းမှ နှစ်ပေါင်း(၁၀၀)ကျော်ခဲ့ပြီဖြစ်သည်။ "ကိုလိုနီခေတ် မုံရွာသမိုင်းနောက်ခံအဖြာဖြာ" (၁၈၈၂)ခုနှစ်တွင် အင်္ဂလိပ်ပိုင် မီးသင်္ဘော၊ ပခုက္ကူ-မုံရွာ-ကင်းတပ် ရေလမ်း ဖွင့်သည်။ (၁၈၈၅)ခုနှစ် အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းသောအခါ မုံရွာမြို့နယ်မှလည်း ပြင်းထန်စွာ ခုခံ တွန်းလှန်ခဲ့ကြသည်။ (၁၈၈၆) ခုနှစ် ၊ မတ်လ (၂၆) ရက်နေ့တွင် ကပ္ပတိန်ရိတ်စ် သည် အရေးပိုင်အဖြစ် အလုံမြို့သို့ရောက်လာခဲ့ သည်။ (၁၈၈၈)ခုနှစ်၊ ဇန်န၀ါရီလတွင် အလုံမြို့မှ မုံရွာသို့ ပြောင်းရွှေ့ရုံးစိုက်ကာ ခရိုင်ရုံးစိုက်ရာ မြို့တစ်မြို့အဖြစ် ရောက်ရှိခဲ့ပါသည်။ (၁၈၈၈) ခုနှစ်၊ ဧပြီ (၂၅)ရက်နေ့တွင် မုံရွာမြို့ကို မြူနီစီပါယ်မြို့အဖြစ် သတ်မှတ်ပေးခဲ့သည်။ မြို့စတည်စဉ် လူဦးရေ (၂၀၀၀)ခန့် အိမ်ခြေ(၃၄၅) နှင့် ရပ်ကွက်နှစ်ခုသာရှိသည်။ မြူနီစီပါယ် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။ မြူနီစီပါယ်ကော်မတီတွင် အဖွဲ့ဝင် (၁၅)ဦး ပါရှိပြီး၊ (၇)ဦးမှာ အစိုးရခန့် အရာရှိကြီးများဖြစ်၍ ကျန် (၈)ဦးမှာ စစ်ကိုင်းတိုင်းမင်းကြီးက တိုက်ရိုက်ခန့်ထားသော ပုဂ္ဂိုလ်များပင် ဖြစ်သည်။ မုံရွာသည် ရွာအဖြစ် တည်ရှိစဉ်က မြစ်ရေ၀င်သော ဒေသဖြစ်သည်။ မြစ်ရေသည် ယခု ဗဟိုမြို့မဈေး (ဈေးဟောင်းကြီး)အထိ ၀င်သည်။ (၁၈၉၇) ခုနှစ်တွင် ပေ (၁၀၅၀၀)ခန့်ရှည်သော ချင်းတွင်းမြစ်ကမ်း တာရိုးကို မြူနီစီပါယ်ကော်မတီက တည်ဆောက်သည်။ ရေမ၀င်တော့သောကြောင့် ကူးတို့တောင်၊ ကူးတို့မြောက် ၊ ညောင်တပင် နှင့် အုန်းခြံရပ်ကွက်သစ်များ ပေါ်ပေါက်လာသည်။ မြင်းမူလမ်းမကြီး (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) ဘူတာလမ်း ၊ ပခုက္ကူလမ်း (ယခု ဈေးလမ်း)၊ ကျောက္ကာလမ်းတို့ကို ဖောက်လုပ်ခဲ့သည်။ ဗဟိုမြို့မဈေးကို တည်ထောင် ခဲ့သည်။ (၁၈၈၇)ခုနှစ်တွင် လယ်တီကျောင်းတိုက် တည်ထောင်သည်။ (၁၈၈၇) ခုနှစ်တွင် ခုတင် (၂၀)ခန့် ဆေးရုံအဖြစ် စတင်ခဲ့ရာမှ (၁၈၉၃) ခုနှစ်တွင် (၃၂)လုံးဆန့် ဆေးရုံအဖြစ် တိုးမြှင့်၍ ဆေးရုံအုပ်ချုပ်ရေးကို မြူနီစီပါယ်အဖွဲ့သို့ တာဝန်ပေးခဲ့သည်။ ပညာရေးအနေဖြင့် မူလဘုန်းတော်ကြီး စာသင်ကျောင်းများအပြင် ၀က်စလီယန်ကျောင်း (၁၈၉၂)၊ ဗုဒ္ဓဘာသာကျောင်း (၁၉၁၈)၊ နေရှင်နယ်ကျောင်း(၁၉၂၀) များကို အသီးသီးဖွင့်လှစ်ပေးခဲ့သည်။ (၁၉၀၀)ပြည့်နှစ်တွင် စစ်ကိုင်း-မုံရွာ-အလုံ မီးရထားလမ်းဖွင့်သည်။ မြူနီစီပါယ်ကော်မတီက (၁၉၁၉)ခုနှစ်တွင် မြို့ရေပေးရေးလုပ်ငန်းကို စတင်ဆောင်ရွက်သည်။ တစ်ရက် ရေဂါလံ (၂၄၀၀၀၀)ခန့် ဖြန့်ဝေပေးနိုင်သဖြင့် ထိုစဉ်က မြို့လူဦးရေ (၈၀၀၀) သာရှိ၍ ရေပိုလျှံသည်။ ဒုတိယကမ္ဘာစစ် ဖြစ်သောအခါ ရေပေးရေးစက် နှင့် ရေလှောင်ကန်များ စစ်ဒဏ်ခံရ၍သုံးမရအောင်ပျက်စီးသွားခဲ့ သည်။ (၁၉၃၄) ခုနှစ်တွင် မြို့မီးဘေးကာကွယ်ရေးအတွက် ရဲမီးသတ်အဖွဲ့ကို မျိုးချစ်လူငယ်များဖြင့် ဖွဲ့စည်းသည်။ အဖွဲ့ဝင် (၆၀၀)ခန့် ပါဝင်လာသည် (၁၉၃၄)ခုနှစ်မှ (၁၉၄၂)ခုနှစ်အထိ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့များဖြင့် ဆောင်ရွက်ခဲ့သည်။ မြူနီစီပါယ်ကော်မတီ နောက်ဆက်တွဲ စက်ငယ်(၁)စီး ၊ ကြေးပြတ် နှင့် ရေပုံးများကို ထောက်ပံ့ခဲ့သည်။ သားသတ်ရုံများဆောက်လုပ်၍ သားသတ်လိုင်စင်စီများကို ဆွဲစေသည်။ ကျန်းမာရေးဝန်ထမ်းများ သားသတ်အုပ်များက စစ်ဆေးကာ အသားရောင်းချစေခဲ့သည်။ ၁၉၃၉ခုနှစ်တွင် မိုးညှင်းသမ္ဗုဒ္ဓေစေတီ တည်သည်။ ၁၉၃၉တွင် တာရိုးကျိုး၍ မြို့တစ်ဝက်ရေလွှမ်းသည်။ (၁၉၀၀)ပြည့်နှစ်မှ (၁၉၄၂)ခုနှစ်အထိ မြူနီစီပါယ် အဖွဲ့ အထောက်အပံ့ခံ ကျောင်း (၄)ကျောင်းအထိ ရှိခဲ့သည်။ (၁၉၄၂) ခုနှစ်မှ (၁၉၄၅) ခုနှစ်အထိ ဂျပန်ခေတ်တစ်လျှောက်လုံး မြူနီစီပါယ်လုပ်ငန်းဟူ၍ မရှိတော့။ ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၂-၄၅)တွင် တစ်မြို့လုံး ပြာကျပျက်စီးသည်။ ဗြိတိသျှမဟာမိတ်တပ်သည် (၁၉၄၄) ခုနှစ် ဒီဇင်ဘာလတွင် မုံရွာမြို့ကို ပြန်လည်သိမ်းပိုက်၍ စစ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့သည်။ အုပ်ချုပ်ရေး အရေးပိုင်မှာ လက်ဖတင်နင် ကာနယ်လင်ဒယ် ဖြစ်သည်။ (၁၉၄၅-၄၇) တွင် ဘုရင်ခံ၏ အာဏာဖြင့် အုပ်ချုပ်သောစနစ်ကို ကျင့်သုံးသောအခါ မုံရွာမြို့ကို မြူနီစီပါယ်အဖွဲ့က အုပ်ချုပ်ခဲ့သည်။ (၁၉၄၇)ခုနှစ်၊ မတ်လ(၂၁)တွင် ဗိုလ်ချုပ်အောင်ဆန်းလာရောက်၍ လူထုဟောပြောပွဲကျင်းပသည်။ "လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း" လွတ်လပ်ရေး ရပြီးနောက် အရေးပိုင်က ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များအဖြစ် ပြည်သူ့ရဲဘော်ကိုယ်စားလှယ် (၅)ဦး တို့ဖြင့် မြူနီစီပါယ် ကော်မတီကို ဖွဲ့စည်းဆောင်ရွက်သည်။ မြို့တွင်း ကတ္တရာလမ်းခင်းသည်။ မြို့ရေပေးရေး စီစဉ်သည်။ မုံရွာမြို့သည် (၁၉၅၀) ခုနှစ်တွင် ရပ်ကွက် (၁၃)ရပ်ကွက်အထိ ရှိလာသည်။ (၁၃)ရပ်ကွက် ကိုယ်စားလှယ် များဖြင့် မြူနီစီပါယ်ကော်မတီကို ဖွဲ့စည်းသည်။ စံပြ (အောင်မင်္ဂလာ)ကွက်သစ်ကို တည်ထောင်ခဲ့ သည်။ ရွှေဝါရောင် မြူရေတွင်းကိုတူး၍ ရေသာမြောင်းကို ဖောက်လုပ်သည်။ ရေစက်သစ်များဖြင့် ရေပေးဝေပြီး ကတ္တရာလမ်းခင်းသည်။ (၁၉၅၁)ခုနှစ်တွင် လေယာဉ်ကွင်းဖွင့်သည်။ (၁၉၅၅) ခုနှစ်တွင် လျှပ်စစ်မီးများ လမ်းမီးများထွန်းခြင်း၊ မီးသတ်စက်ဝယ်ခြင်း နှင့် မီးသတ်ဝန်ထမ်းများကို လစာပေးခြင်းများ ပြုလုပ်နိုင်ခဲ့သည်။ (၁၉၅၇)ခုနှစ် မေလ(၆)ရက်နေ့တွင်တစ်မြို့လုံးနီးပါးမီးသင့်သည်။ (၁၉၅၈) ခုနှစ်တွင် ဘုန်းစိုး၊ သလ္လာ၊ အောင်ချမ်းသာ၊ ကွေ့ကြီးရပ်ကွက်သစ်များ တိုးချဲ့ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် မုံရွာမြို့၌ သက်ကြီးတက္ကသိုလ်တစ်ခု ဖွင့်လှစ်သည်။ (၁၉၆၂)ခုနှစ်တွင် မြူနီစီပါယ်လုပ်ငန်းများကို မြူအုပ်ချုပ်ရေး (နယ်ပိုင်အဆင့်) ခန့်ထားဆောင်ရွက်စေခဲ့သည်။ တော်လှန်ရေးကောင်စီလက်ထက်တွင် မြူနီစီပါယ်အဖွဲ့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်သည်။ ရပ်ကွက်မှာလည်း (၁၈)ရပ်ကွက်အထိရှိလာပြီး စည်ပင်သာယာရေးလုပ်ငန်းများသည် မြို့စည်ပင်လာသည်နှင့် အမျှများပြားကျယ်ပြန့်လာခဲ့သည်။ မုံရွာဒေသကောလိပ် (၁၉၇၇)၊ အထူးကုဆေးရုံ (၁၉၇၈)၊ ကျွန်းချောင်းလျှပ်စစ်(၁၉၈၂)၊ နာရီစင်(၁၉၈၇)၊ အော်တိုတယ်လီဖုန်း ၊ စက်မှုလက်မှုသိပ္ပံကျောင်း(၁၉၈၆)၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်(၁၉၈၈) တည်ဆောက်သည်။ မြို့ရာပြည့် အထိမ်းအမှတ်အဖြစ် “ရာပြည့်ကပ်ကျော် မင်္ဂလာစေတီတော်” နှင့် ဤကျောက်စာကို (၁၉၈၈)ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်၊ (၁၃၅၀၊ တန်ဆောင်မုန်းလပြည့်ကျော်-၁ ရက်) တွင် စိုက်တည်ထားသည်။ (၁၉၈၈)တွင် လူဦးရေ(၁၁၄၆၀၈)၊ မြို့နယ် (၂၆၁၇၈၀)၊ အိမ်ခြေ(၂၃၆၉၈)၊ ရပ်ကွက်(၁၈)၊ ဈေး(၆)ဈေးရှိသည်။ ဆုတောင်းပြည့်၊ ရွှေစည်းခုံ နှင့် စေတီပုထိုးများစွာရှိသည်။ ဘုန်းကြီးကျောင်း(၁၁၁)၊ သံဃာ(၄၀၂၄)၊ သီလရှင် (၃၄၉)ရှိသည်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဆစ်ခ်ဘာသာနှင့် နတ် ယုံကြည်သူများလည်းရှိသည်။ စာပေယဉ်ကျေးမှု အနုပညာမျိုးစုံထွန်းကားသည်။ "မုံရွာပွဲတော်များ" မုံရွာနယ်တွင်ရှိသော ကျောင်းကန်ဘုရား စေတီပုထိုးတို့သည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ထင်ရှားကျော်ကြားသောကြောင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးသွားရောက်ကြသူများမှာ မနည်းချေ။ ဆုတောင်းပြည့် ဘုရားကြီးပွဲ(၂၂၁) ခုမှစတင်၍ အသောက မှကျင်းပသော ဘုရားကြီးရပ်ကွက်ရှိ ဆုတောင်းပြည့် ဘုရားကြီးပွဲ သည် မုံရွာတွင် အကြီးကျယ်ဆုံး ပွဲတော် ဖြစ်သည်။ သီတင်းကျွတ်လပြည့်ကျော် ငါးရက်နေ့မှ ရှစ်ရက်နေ့အထိဖြစ်သည်။ သို့သော် သီတင်းကျွတ်သည်မှပင် ပွဲများ စတင်သည်။ဘုရားနှစ်ဆူဆက်သွယ်သော ဘုရားကြီးလမ်းတစ်လျှောက် ဈေးဆိုင်ခန်းများ နှင့် ကြည့်ချင်ပွဲများဖြင့် အထူးစည်ကား လှပေသည်။ မုံရွာနယ် တစ်ခုလုံး ဈေးဝယ်သည့် ဘုရားဈေးပွဲအဖြစ် ထင်ရှားသည်။ ဗောဓိတစ်ထောင်ဘုရားပွဲ နောက်ပွဲတော်တစ်ခုကတော့ ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်သော ဗောဓိတစ်ထောင် ရပ်တော်မူ ဘုရားကြီး ပွဲတော် တန်ဆောင်မုန်းလ၌ ထင်ရှားစည်ကားသော ပွဲတော်ကြီး တစ်ခုဖြစ်သည်။ အမြို့မြို့အနယ်နယ်မှ လာရောက် ဖူးမြော် ကြည့်ရှုကြသည်။ မုံရွာနယ်တွင်းရှိ မိုးညှင်းတောရ ဆရာတော်ဘုရားတည်သော သမ္ဗုဒ္ဓေစေတီကား ယခုအခါ ကျော်စောလှပေသည်။ ထိုပြင် လယ်တီဆရာတော်ဘုရား၏ လယ်တီကျောင်းတိုက်သည်လည်း မုံရွာမြို့တွင် ရှိပေသည်။ ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ ဖိုးဝင်းတောင်သည်လည်း မုံရွာနယ်တွင် ပါဝင်သည်။ မုံရွာအထက်နားရှိ အလုံ ဘိုးတော်ကြီးနတ်ပွဲမှာ အထူးပင်ထင်ရှားသည်။မုံရွာမြို့တွင်းရှိ ထင်ရှားသောစေတီတော်များမှာကား ရွှေစည်းခုံနှင့် ဆုတောင်းပြည့် စေတီတော်များဖြစ်၏။ "ဒေသစီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး" မုံရွာနယ်မှထွက်ကုန်များမှာ ချည်လုံချည်၊ စောင်များ၊ ကျောက္ကာအရပ်မှ ယွန်းထည်များ၊ ဆန်စပါး၊ဂျုံ၊နှမ်း၊ ပဲ၊ပြောင်း၊ဝါ နှင့်အပူပိုင်းဒေသထွက် သစ်သီးများဖြစ်၏။ မုံရွာမြို့တွင် ရက်ကန်းစက်၊ စောင်စက်၊ဆန်စက်၊ သစ်စက်၊ ဂျုံစက်၊ ဆီစက်၊ ဆပ်ပြာစက်စသော စက်များရှိသည်။ မြို့နှင့်အနီးဝန်ကျင်နယ်မှထွက်သော ပစ္စည်းများကို မုံရွာမြို့မှ ထုတ်လုပ် ဖြန့်ဖြူးသည်။ မုံရွာ မှထွက်သော စောင်မှာ မြန်မာနိုင်ငံ အနှံကျော်ကြားလှပေသည်။ မုံရွာသည် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိသောကြောင့် ရေလမ်းဆက်သွယ်မှု ကောင်းစွာရှိသည်။ သွားလမ်းလာလမ်း လွယ်ကူသောကြောင့် အရေးပါအရာရောက်သော မြို့တစ်မြို့ဖြစ်၏။ ချင်းတွင်းမြစ်ပေါ် ဥဒဟို သွားလာသော လှေသင်္ဘောများသည် မုံရွာမြို့တွင် ဆိုက်ကပ်မြဲဖြစ်၏။ ချင်းတွင်းမြစ်အထက်ပိုင်းရှိ မြို့များသို့ သင်္ဘောများ မပြတ် မှန်မှန် ခုတ်မောင်းလေ့ရှိသည်။ မန္တလေးနှင့် မီးရထားလမ်း အဆက်အသွယ်ရှိသဖြင့် မန္တလေးမှတစ်ဆင့် အောက်မြို့အောက်ရွာများနှင့် ခရီးပေါက်ပေသည်။ တစ်ဖန် နယ်တွင်းရှိမြို့နယ်များနှင့် သာမကဘဲ အနီးပတ်ဝန်းကျင်ရှိ ဒေသများသို့လည်း မော်တော်ကားလမ်းများ ရှိသည်။ ထို့ပြင် မုံရွာမြို့သို့ လေကြောင်းခရီးပေါက်သည်။ မုံရွာမြို့သည် လမ်းပန်းဆက်သွယ်ရေး နှင့် အရောင်းအ၀ယ် အချက်အချာကျခြင်း၊ လယ်ယာ နှင့် စက်မှုလက်မှုလုပ်ငန်းအားကောင်းခြင်း၊ လုံ့လ၀ိရိယကောင်းသူများဖြစ်ခြင်း တို့ကြောင့် နှစ်(၁၀၀)အတွင်း ဤမျှ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်။ Credit:မိုးလုံးမှိုင်းစုစည်းတင်ပြသည်။ ကျမ်းကိုး။ wikipedia.org၊ အင်တာနက် |
Authorဒီစာမျက်နှာလေးက ကျွန်တော်ချစ်တဲ့ မြို့ကလေး အကြောင်း စုစည်းမှုလေးပါ။ သတင်းဓာတ်ပုံများ၊ အချက်အလက်များကို ArchivesCategories |