ကျွန်တော်နှင့် အသစ်ကြိုက်သူများ
ရသစာတမ်း ကျွန်တော့်မှာရှိသည့် ဖုန်းလေးတစ်လုံးအကြောင်းပြောပြချင်ပါသည်။ အနက်ရောင် (Nokia Slide)ဖုန်းလေးဖြစ်သည်။ မော်ဒယ်မှာ(Nokia 3600s) ဖြစ်သည်။ လက်ဝယ်ရှိသည့် ဖုန်းလေးတစ်လုံးအကြောင်းကိုမော်ဒယ်မှအစပြောပြနေရခြင်းမှာ ကြွားဝါလို၍မဟုတ်ဘဲယနေ့ခေတ်မှာရှေ့ပြေးနေကြသည့် (touch)ဖုန်းများ၊ (i-pad)များကြားတွင် မော်ဒယ်မည်မျှ နိမ့်နေကြောင်းသိသာစေလို၍ဖြစ်သည်။ အသစ်ကြိုက်သူများကြားတွင် ကျွန်တော်လည်းအသစ်ကိုစိတ်ဝင်စားသူဖြစ်သည်။ အသစ်တိုင်းကိုမကြိုက်သော်လည်းအင်တာနက်မှာရှိနေကြသည့် အသစ်အဆန်းများနှင့် ဂျာနယ်ထက်မှာရှိနေကြသည့် ပစ္စည်းအသစ်အဆန်းလေးများအကြောင်းကိုတော့ မလွတ်တမ်းဖတ်ရှုမှတ်သားတတ်သူဖြစ်သည်။ တစ်နေ့တစ်မျိုးထွက်ပေါ်လာသည့် ပစ္စည်းအသစ်အဆန်းတိုင်းကိုဝယ်ယူအသုံးပြုဖို့ ဆန္ဒမရှိသော်လည်းခေတ်ရေစီးကြောင်းကိုတော့ မျက်ခြေမပြတ်လိုသူဖြစ်သည်။ ကျွန်တော့်မှာရှိနေသည့် ဖုန်းလေးက ကျွန်တော့်အတွက် (Need and Tidy) ဖြစ်သည်။ သေးငယ်သည့် ဖုန်းလေးထံမှ အသံထွက်ကပီသသည်။ ကြည်မြသည်။ လိုင်းဆွဲအားလည်းကောင်းသည်။ နောက်ပြီးအိပ်ကပ်ထဲထည့်ကာသယ်ဆောင်သွားဖို့အတွက်လည်းလွယ်သည်။ ဖုန်းအသုံးမပြုနိုင်ခင်ကတည်းကလိုချင်နေခဲ့သော (Brand)နှင့် ပုံရိပ်လေးလည်း ဖြစ်သည်။ ထိုအချက်အလက်များနှင့် ပြည့်စုံနေသည့် ဖုန်းလေးတစ်လုံးလက်ဝယ်ရောက်သည့်နေ့မှစ၍ ယနေ့ထိတိုင် အမျိုးမျိုးသော (touch)ဖုန်းများ၊ (i-pad)များကိုဝယ်ယူရန် စိတ်ကူးမဲ့ခဲ့ခြင်းဖြစ်သည်။ “ အစ်ကို့ဟာကြီးဝဲပစ်လိုက်တော့၊ ဒါမျိုးလေးပဲသုံးစမ်းပါ အစ်ကိုရ ….” ညီငယ်တစ်ယောက် လက်ဆောင်ပေးသည့် ဟမ်းဆက်ကနောက်ဆုံးပေါ် မဟုတ်သော်လည်းယနေ့ပေါ်ပြူလာဖြစ်နေသည့် အမျိုးအစားဖြစ်ကြောင်းကိုတော့ မြင်ယုံနှင့် သိလိုက်သည်။ ကျွန်တော်၏ နှလုံးသားနှင့် စိတ်ခံစားချက်အားရိပ်မိသိရှိခြင်းမရှိသည့်ညီငယ်ကိုအပြုံးတစ်ခုနှင့်တုန့်ပြန်ကာပေးသည့်လက်ဆောင်ကို ငြင်းဆန်သည့် သင်္ကေတတစ်ခုကို ပြသခဲ့သည်။ ကျွန်တော်သည်အသစ်ကိုစိတ်ဝင်စားသော်လည်းအဟောင်းကိုစွဲမက်မြတ်နိုးသူမဟုတ်လား။ အိမ်သူ့ထံမှာလည်းဖုန်းတစ်လုံးရှိသည်။ ကျွန်တော့်ထံမှာလည်းရှိပြီးဖြစ်သည်။ သားနှစ်ယောက်မှာလည်းဖုန်းအသုံးပြုရန်အတွက် ငယ်လွန်းသေးသည်။ (Sim Card) တွေ အလွယ်တကူဝယ်ယူရနေသောယနေ့ခေတ်တွင် ဖုန်းပိုတစ်လုံးဖြင့် အပိုဒုက္ခမရှာလိုသူဖြစ်သည်။ အစည်းဝေးခန်းမများ၊ ဧည့်ခံပွဲများတွင် မည်သည့်ဖုန်းက မြည်မှန်းမသိအောင်ပင် ဟိုအိတ်စမ်း၊ ဒီဇစ်ဖွင့်ကာဖြင့် ဖုန်းရှာနေရသည့် ဒုက္ခသည် ဖုန်းသူဌေးကြီးများကိုအတည့်မမြင်တတ်သူဖြစ်သည်။ အမြင်မတည့်ဖြစ်မှာစိုးသည့်အတွက် ညီငယ်ပေးသည့် လက်ဆောင်လေးအပိုဒုက္ခအဖြစ် ပြောင်းလဲမသွားခင် ငြင်းဆန်လိုက်ရခြင်းဖြစ်သည်။ မလိုအပ်သည်များကို ငြင်းဆန်ရဲရမည်ဖြစ်သလိုလိုအပ်ချက်များကိုလည်းတောင်းဆိုရမည်ဖြစ်သည်။ အသစ်ကြိုက်သူများကအင်္ကျီသစ်၊ ဘောင်းဘီသစ်၊ ဟမ်းဖုန်းသစ်၊ ကားအသစ်နှင့် အသစ်ဆုံးသောအရာများ၊ မော်ဒယ်များကိုတောင့်တသည်။ တောင်းဆိုသည်။ တစ်ချို့တွေကအခြေခံလိုအပ်ချက်များကိုတောင်းဆိုသည်။ တစ်ချို့တွေကနယ်မြေသစ်အရှာထွက်သွားသည့် ချိုးငှက်လေးအိမ်ပြန်နားဖို့အတွက် တောင်းဆိုသည်။ မည်သို့ပင်ရှိစေတောင်းဆိုမှုတွေကတော့ ရှိနေကြဆဲ၊ ရှိနေကြမြဲဖြစ်သည်။ ကျွန်တော်တို့၏ ရော့ခ်ကာကြီးကိုလေးဖြူ မည်သည့် ဟမ်းဆက်အမျိုးအစားသုံးမှန်းမသိသော်လည်းအသစ်ကြိုက်သူတစ်ဦးဖြစ်ကြောင်းကိုတော့ သိသည်။ တစ်ချိန်က ၄င်း၏တောင်းဆိုသံတစ်ခု ကျယ်လောင်ခဲ့ဖူးသည်။ “ သီချင်းသစ်တွေရေးပါ ….” သီချင်းသစ်ကိုသာဆိုချင်ကြောင်းသီချင်းတစ်ပုဒ်ထဲတွင် ရော့ခ်ကာကြီးကိုလေးဖြူကဖွင့်ထုတ်ဆိုခဲ့ဖူးသည်။ “ ရက်စက်မှုတွေနဲ့ ကမ္ဘာကြီးက ….” အစချီသောကမ္ဘာသစ်တေးကိုသီရင်းကမ္ဘာသစ်အရှာထွက်သွားသည့် တေးဘုရင်ကိုငှက်သည်ပင် ကမ္ဘာဟောင်းမှ ထွက်ခွာသွားသည်မှာဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်သည်။ အသစ်ကြိုက်သူများနှင့် အဟောင်းခိုက်သူများကြားတွင် သစ်လွင်နေဆဲသောတေးသီငှက်တစ်ကောင်လည်းဖြစ်သည်။ စာပေတွင်လည်းမှတ်တမ်းမှတ်ရာစာအုပ်များစွာရှိသည့်အနက် တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များဆိုသည့် ဆရာကြီးရွှေဥဒေါင်း၏ မှတ်တမ်းစာအုပ်သည်လည်းကောင်း၊ ဘာသာပြန်စာအုပ်များထဲမှ စစ်နှင့်ငြိမ်းချမ်းရေး၊ လေရူးသုန်သုန် အစရှိသောစာအုပ်များသည်လည်းကောင်းအသစ်ကြိုက်ကြသည့် အသစ်အသစ်သောစာသမားများ၏ စာအုပ်စင်များတွင် ယနေ့ထိတိုင် သစ်လွင်နေဆဲဖြစ်သည်။ ရုပ်ရှင်ကားကြီးများထဲမှ သင်္ကြန်မိုးဇာတ်ကားသည် သင်္ကြန်ရောက်တိုင်းအကြိမ်ကြိမ်ရွာသည့် မိုးဖြစ်သည်။ သင်္ကြန်ရောက်တိုင်းအကြိမ်ကြိမ်ပွင့်ခဲ့ရသည့် ပိတောက်ဖြစ်သည်။ သင်္ကြန်ရောက်တိုင်းအကြိမ်ကြိမ်သစ်ခဲ့ရသည့် ရုပ်ရှင်ဖြစ်သည်။ အသစ်အသစ်များကြားတွင် ဟောင်းသော်လည်းသစ်လွင်နေဆဲသောအရာများဖြစ်ကြသည်။ သစ်လျှင်ပြီးရောဆိုကာတစ်ချို့တွေ၏ အသစ်ကြိုက်မှုက ပြင်းရှသည်။ ရူးသွပ်သည့် အဆင့်ဖြစ်သည်။ ဈေးကွက်ထဲရောက်လာသည့် အသစ်ဟူသမျှသုံးစွဲကာခေတ်ရေစီးကြောင်းထဲတွင် ပျော်ပျော်ကြီးကူးခတ်ကြသည်။ တစ်ခါတစ်ရံဈေးကွက်ထဲပင် မရောက်သေးသည့် ပစ္စည်းအသစ်အဆန်းများကိုသုံးကာဂုဏ်ယူတတ်ကြသူများဖြစ်သည်။ ကျွန်တော်သည့် ပစ္စည်းအသစ်အဆန်းများကြောင့် ဂယက်သိပ်မထသည့် မြို့ငယ်လေးတစ်ခုမှာနေသည်။ ထိုမြို့ငယ်လေးရှိတိုးပွားလာသောအသစ်အသစ်သောဟိုတယ်များထဲမှ ဘန်ဂလိုအများဆုံးရှိသည့် ဟိုတယ်တစ်ခုတွင် အလုပ်လုပ်သည်။ ဧည့်ကြိုကောင်တာတွင် ညစာရင်းစစ်မှူးဟူသောတာဝန်ကိုယူရင်းအသစ်ကြိုက်သူများအကြောင်းလေ့လာမိသူဖြစ်သည်။ ကမ္ဘာပေါ်တွင် ရယ်မောတတ်သူများမှာလူသားများသာဖြစ်၍ ရယ်စရာအကောင်းဆုံးမှာလည်း ၄င်းလူသားများသာဖြစ်သည်ဟူသော စာသား၏ အဓိပ္ပါယ်ကိုခံစားမိသူလည်း ဖြစ်သည်။ သူတို့တတွေ အသစ်ကြိုက်သလောက် ကိုယ်တိုင်ကအဟောင်းကြီးဖြစ်သည်။ ပစ္စည်းသစ်ကိုတပ်မက်မောသည့် လောဘစိတ်ကအဟောင်းဖြစ်သည်။ နှလုံးသားကအဟောင်းဖြစ်သည်။ နေ့သစ်တွေရှိ အသစ်များစွာကိုတပ်မက်ရင်းအတ္တအဟောင်း၊ နှလုံးသားအဟောင်းနှင့် လူဟောင်းများဖြစ်ကြသည်။ “ Happy New Year …” နှစ်သစ်ရောက်တိုင်းသံကုန်ဟစ်ခဲ့ဖူးသည့် စာသားကလည်းအဟောင်းဖြစ်သည်။ အတွေးအခေါ်ဟောင်းများ၊ နှလုံးသားအဟောင်းများကိုအသစ်ဖြစ်ဖို့ မကြိုးစားကြသော်လည်းအသစ်တစ်ခုပေါ် ရူးသွပ်တပ်မက်ပုံကတော့ အံ့အားသင့်စရာအတိတူညီကြသည့် လူဟောင်းများဖြစ်ကြသည်။ တစ်ချို့တွေကဟမ်းဆက်အမျိုးမျိုးကိုရေလဲသုံးသည်။ တစ်ချို့တွေကအသစ်ဝင်လာသမျှသောမော်ဒယ်မြင့်ကားများကိုထည်လဲစီးနိုင်ဖို့ကြိုးစားသည်။ တစ်ချိုကတွေကအလှအပဖက်ရှင်ရေစီးကြောင်းမှာလက်ပစ်ကူးခတ်နိုင်ဖို့ကြိုးစားသည်။ တစ်ချိုတွေ၏ အသစ်ကြိုက်ပုံကတစ်မျိုးတစ်ဘာသာဖြစ်သည်။ “ ညီလေးအခန်းရသေးလား …” အမေးနှင့်အတူကောင်တာရှေ့ရောက်လာသည့် စုံတွဲကိုကြည့်ရင်းအပြုံးနှင့်အတူ နှုတ်ဆက်လိုက်သည်။ မှတ်ပုံတင်နံပါတ်များ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုအလွတ်ရနေလောက်အောင်ပင် လာနေကြဧည့်သည်များဖြစ်၍ (Registration Form) ဖြည့်ပြီးသည်နှင့် ယူနေကြအခန်းအမျိုးအစားထဲမှ အခန်းလွတ်တစ်ခန်း၏ သော့ကိုပေးလိုက်သည်။ ၄င်းတို့မှာ လက်ထပ်ထားသည့် စုံတွဲမဟုတ်သော်လည်း နှစ်ဦးစလုံးမှာထူးထူးခြားခြားအသစ်ကြိုက်သူများဖြစ်သည်။ အမျိုးသားမှာတစ်လလျှင် လေးငါးကြိမ်ထက်မနည်းဟိုတယ်သို့ လာတတ်သူဖြစ်သည်။ လာသည့်အခါတိုင်းလည်းသူ့ဘေးနားတွင် မိန်းမလှလေးတစ်ဦးမဟုတ် တစ်ဦးကပါလာမြဲဖြစ်သည်။ တစ်ချို့က ညိုသည်။ တစ်ချို့က ဖြူသည်။ တစ်ခါတစ်ရံ (thin)၊ တစ်ခါတစ်ရံ (slim) လေးနှင့်ဖြစ်သည်။ ကောက်ကြောင်းလှလှလေးများနှင့်လည်းမကြာခဏလာသည်။ ထိုအမျိုးသားနှင့် တွဲလာသည့် မိန်းကလေးများအားလုံးသည် အသက်မွေးမှု တစ်စုံတစ်ရာကိုထင်ရက်စရာမရှိအောင်ပင် လှသည်။ ထိုမိန်းကလေးများစွာထဲမှ တစ်ဦးတစ်ယောက်နှင့်ပြန်တွဲလာသည်ကိုတစ်ကြိမ်တစ်ခါမျှပြန်မမြင်ဖူးလောက်အောင်ပင် ထိုသူကအသစ်ကြိုက်သူဖြစ်သည်။ ယခုတွဲလာသည့် အမျိုးသမီးနှင့် ဟိုတယ်သို့ တစ်ခါမျှ တွဲလျှက်မလာဘူးသည်မှာသေချာသည်။ ထိုအမျိုးသမီးငယ်သည် ဟိုတယ်သို့ မကြာခဏအလည်ရောက်လာတတ်သည့် ဧည့်သည်တစ်ဦးပင်ဖြစ်သည်။ သီချင်းခွေ မထုတ်ဘူးသော်လည်းပန်းကုံများစွာ၏ ပိုင်ရှင်အဖြစ်ကျော်ကြားသည်။ ယခုတွဲလာသည့် အမျိုးသားနှင့် တွဲလျှက်မလာဘူးသော်လည်းပုံသဏ္ဏာန်မျိုးစုံသောပုရိသများနှင့် စုံတွဲခုတ်လာဟိုတယ်သို့ လာဖူးသူဖြစ်သည်။ မည်သူကအသစ်လည်းဆိုသောမေးခွန်းအတွက်မူတစ်ဦးအမြင်တွင် တစ်ဦးကအသစ်ဖြစ်နေမည်မှာသေချာသည်။ ကျွန်တော့်အမြင်တွင် နှစ်ယောက်စလုံးကအဟောင်းချည်းဖြစ်သည်။ ၄င်းတို့ကို မှတ်မိနေသည့် ကျွန်တော်ကိုယ်တိုင်ပင်လျှင် အဟောင်းကြီးဖြစ်သည်။ မိုးမလင်းခင် ကောင်တာတွင်အပ်ထားသည့် မှတ်ပုံတင်ယူကာထွက်သွားတတ်သည့် ထိုအမျိုးသားတွင် အိမ်ထောင်ရှိသည်ဟုသိထားသည်။ အိမ်မှာရှိသည့်ကားကိုမစီးဘဲမော်ဒယ်မြင့်၊ ဒီဇိုင်းလန်းကားများကိုအသစ်အဖြစ် အခကြေးငွေပေးကာစီးနေသည့် ထိုအမျိုးသား၏ အသစ်တပ်မက်စိတ်ကိုမည်သို့တံဆိပ်ကပ်မည်နည်း။ ကျွန်တော်ကတော့ အသစ်ကြိုက်သူများကြားတွင် အသစ်ကိုစိတ်ဝင်စားသူတစ်ဦးသာဖြစ်သည်။ အသစ်ဆိုသောအရာကိုမယုံကြည်စိတ်မချဆုံးသူမှာလည်း ကျွန်တော်ပင်ဖြစ်သည်။ အင်ဂျင်အဟောင်းနှင့် ဘော်ဒီအသစ်ကိုအသစ်ဟုဆိုမည်လား။ ဘော်ဒီအဟောင်းနှင့် အင်ဂျင်သစ်တပ်ဆင်ထားသည့် ကပ်ခွာမော်တော်ဆိုင်ကယ်ကိုရောအသစ်ဟုဆိုနိုင်ပါမည်လား။ ကျွန်တော့်စကားကြောင့်နားထွေးသွားမည်ထင်ပါသည်။ မြန်နှုန်းမြှင့်ကားများကိုစီးနိုင်ဖို့အတွက် ငွေကျည်ဆံတွေ တလဟောသွန်ချနိုင်ဖို့လိုပါလိမ့်မည်။ “ မင်းမှာငွေကျည်ဆံတွေအပြည့် ရှိနေခဲ့မယ်ဆိုရင်ကော ” သို့မဟုတ် “ လက်ညှိုးညွှန်ရာရေဖြစ်တဲ့ဘဝမှာ မြန်နှုန်းမြင့်ကားတွေစီးဦးမှာလား ” ထိုမေးခွန်း၏အဖြေကိုသင်သိပြီးသားဖြစ်သည်။ ကျွန်တော့်မှာအနက်ရောင် (Nokia Slide) ဖုန်းလေးတစ်လုံးရှိပါသည်။ ထိုဖုန်းလေး၏ (Brand) နှင့် (Image) မှာမပိုင်ဆိုင်ခင်ကတည်းက နှစ်သက်ခဲ့ရသည့်အရာဖြစ်၍ ကြိုးစားဝယ်ယူခဲ့ရသည့် ဖုန်းကလေးဖြစ်သည်။ ဟောင်းသော်လည်းကောင်းနေဆဲမော်ဒယ်နိမ့် ဖုန်းကလေးတစ်လုံးကိုယနေ့ထက်တိုင် နှစ်ခြိုက်စွာအသုံးပြုနေဆဲ ဖြစ်သည်။ ခင်ဗျားမှာလည်းဖုန်းလေးတစ်လုံးတော့ ရှိမည်ထင်ပါသည်။ ထိုဖုန်းလေး၏ မော်ဒယ်အမျိုးအစားနှင့် အကြောင်းအရာအချို့ကို ဆန္ဒရှိ၍ပြောပြမည်ဆိုပါလျှင် နားထောင်ရန် အသင့်ရှိနေပါသည်။ အသစ်ကြိုက်သူများကြားတွင် ထိုဖုန်းလေး၏ ပိုင်ရှင်သည် သင်ဖြစ်ခဲ့မည် ဆိုပါလျှင် သို့မဟုတ် သင်၏ပိုင်ရှင်သည် ထိုဖုန်းကလေးဖြစ်နေခဲ့မည်ဆိုပါလျှင် ….။ မည်သို့ပင်ရှိစေခင်ဗျားပြောပြမည့် အကြောင်းအရာတို့ကိုစိတ်ဝင်တစားဖြင့် နားထောင်ပေးရန် တစ်ယောက်မကရှိကြောင်းသိစေချင်ပါသည်။ထိုသူသည် ကျွန်တော်ဖြစ်နိုင်သလိုအသစ်ကြိုက်သူတစ်ဦးဦးလည်း ဖြစ်နေနိုင်ပါသည်။ ချစ်ခြင်းများဖြင့် သင့်ရဲ့ ရှဥ့်ညိုလေး http://shintnyolay.blogspot.com ٭٭٭٭٭ ٭٭٭٭٭ ٭٭٭٭٭ |
Authorကျွန်တော်က အက်ဆေးချစ်သူပါ။ အက်ဆေးမှာ လမ်းကြောင်းပေးထားတာမရှိဘူး။ ဘယ်လိုအဆုံးသတ်ရမယ်ဆိုတဲ့ ပုံလောင်းပေးထားတာ မရှိဘူး။ အက်ဆေးဟာ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ချစ်တဲ့ အက်ဆေးလေးတွေကို ဆက်ရေးဖြစ်ဦးမှာပါ... Archives
December 2016
Categories |