ကျွန်တော်နှင့် ခိုးယူခြင်းအနုပညာသည်များ
ရသစာတမ်း မသိပါ။ လောကတွင် သူခိုးအမျိုးအစားဘယ်နှမျိုးရှိသလဲဟု ကျွန်တော်မသိပါ။ သို့သော် သူခိုးတော်တော်များများ အကြောင်းကိုတော့ သိသည်။ မဟုတ်ပါ။ ကျွန်တော်သည် ရဲသားတစ်ဦးမဟုတ်ပါ။ ထောင်မှူးတစ်ဦးလည်း မဟုတ်ပါ။ ရှေ့နေတစ်ဦး မဟုတ်သလို တရားသူကြီးတစ်ဦး လည်း မဟုတ်ပါ။ စကားကုန်ပြောရမည်ဆိုလျှင် ဥပဒေဝန်ထမ်း မဟုတ်ပါ။ ဥပဒေဘက်တော်သား မဟုတ်ဘဲနှင့် သူခိုးတော်တော်များများအကြောင်း သိသူမှာ ကျွန်တော်ဖြစ်သည်။ မရှိပါ။ ကျွန်တော့်မှာ သူခိုးတစ်ဦးတစ်ယောက်ဆီမှ မည်သည့်ပစ္စည်းမျှ မရှိပါ။ အပ်တိုတစ်ချောင်းမျှပင် မရှိပါ။ ရှင်းရှင်းပြောရမည်ဆိုလျှင် ကျွန်တော်သည် သူခိုးလက်ခံတစ်ဦး မဟုတ်ပါ။ သူခိုးလက်ခံမဟုတ်ဘဲနှင့် သူခိုးတော်တော်များများနှင့် ဆုံဘူးသူမှာ ကျွန်တော်ဖြစ်သည်။ မဟုတ်ရပါ။ ကျွန်တော်သည် တန်ခိုးရှင်တစ်ဦး မဟုတ်ရပါ။ ထို့အတူ ခင်ဗျားထင်ထားသလို သူခိုးတစ်ဦးလည်း မဟုတ်ခဲ့ပါ။ တန်ခိုးရှင် တစ်ဦး သို့မဟုတ် သူခိုးတစ်ယောက် မဟုတ်ဘဲနှင့် သူခိုးများ၏ ပြုမူဆောင်ရွက်ပုံများကို သိနေသူမှာ ကျွန်တော်ဖြစ်သည်။ ထူးခြားစွမ်းရည်ဟု သတ်မှတ်မရသည့် မှတ်သိစိတ်တစ်ခု ကျွန်တော့်မှာရှိသည်။ တစ်စုံတစ်ယောက်က ခိုးယူတော့မည်ဆိုလျှင် သို့မဟုတ် ခိုးယူနေပြီဆိုလျှင် သိနေခြင်းဖြစ်သည်။ သူခိုးနှင့် မကြာခဏ မျက်နှာချင်းဆိုင်မိတတ်သည်မှာလည်း ကျွန်တော်ဖြစ်သည်။ သို့မဟုတ် ကျွန်တော့်ကံဖြစ်သည်။ ကမ္ဘာဦးအစ လူသားတွေ ပိုင်ဆိုင်မှုသတ်မှတ်လိုက်သည်နှင့် တွဲလျှက်ပေါ်လာသည့် လုပ်ငန်းမှာ သူခိုးလုပ်ငန်းဖြစ်သည်ဟု စာအုပ် တစ်အုပ်ထဲတွင် အတည်လိုလို နောက်သလိုလိုနှင့် ရေးသားထားသည်ကို ဖတ်ခဲ့ရဖူးသည်။ သူတစ်ပါးပိုင်ဆိုင်သည့် ပစ္စည်းကို လိုချင်နှစ်သက်စိတ် ဖြင့် နေရာလေးရွှေ့ထားမိလျှင်ပင် ခိုးမှုမြောက်သည်ဟု ဆရာတော်တစ်ပါးရေးသားထားသည့် စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့ရသည်။ လူအများစုကတော့ ခိုးနေဆဲဖြစ်သည်။ တစ်ချို့က မသိ၍ဖြစ်သည်။ တစ်ချို့က မရှိ၍ဖြစ်သည်။ သိသော်လည်း ခိုးနေကြသည့် သူခိုးများ၊ ရှိသော်လည်း ခိုးနေကြဆဲ သူခိုးကြီးများရှိသည်။ တစ်ချို့တွေက ဝမ်းရေးအတွက် ခိုးသည်။ ဆန်ခိုးသည်။ ဆီခိုးသည်။ စားသောက်စရာ ခိုးသည်။ တစ်ချို့တွေက စိန်၊ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ မှစကာ အဖိုးထိုက်ရာမှန်သမျှ ခိုးသည်။ တစ်ချို့တွေက ကြက်၊ ငှက်၊ ဆိတ်၊ ဘဲ မှစကာ ဆင်၊ မြင်း၊ ကျွဲ၊ နွား ထိ ခိုးသည်။ အတိုချုပ်ရလျှင် တစ်ချို့တွေက သက်မဲ့ရတနာ ခိုးသည်။ တစ်ချို့တွေက သက်ရှိရတနာ ခိုးသည်။ တစ်ချို့တွေက သက်ရှိရတနာရော၊ သက်မဲ့ ရတနာပါ ခိုးသည်။ တစ်ချို့တွေက ထိတွေ့စမ်းသပ်မရသည့် အရာတွေကို ခိုးသည်။ အိပ်မက်တွေကို ခိုးသည်။ ချစ်ခြင်းမေတ္တာကို ခိုးသည်။ လူသားတွေ၏ လိုအင်ဆန္ဒက အမျိုးမျိုးပင်ဖြစ်သည်။ တစ်ချို့တွေက ခြံထဲမှာရှိသည့် “ က ” နေသည့်ဒေါင်းကို မြင်သည်။ တစ်ချို့တွေက တောထဲမှာနေသည့် ခွပ်မည့်ဒေါင်းကို လိုချင်သည်။ လူသားတွေ၏ ပြင်းပျသည့် ဆန္ဒမျိုးစုံကြောင့် ချိုးငှက်လေးက အဝေးသို့ ပျံသွားပြီဖြစ်သည်။ သို့သော် လူသားတွေ၏ လောဘထုထည်က ကြီးမားနေဆဲ၊ ကြီးထွားနေဆဲဖြစ်သည်။ တစ်ချို့တွေက ပေါ့ပေါ့တွေးသည်။ သူတို့အတွက် အရာရာသည် ပေါ့ပေါ့လေးပဲဖြစ်သည်။ “ ဒီစာအုပ် ယူသွားမယ် ” ကတ္ထူဖုံးထားသည့် ထိုစာအုပ်သည် ကျွန်တော့်လက်ထဲ ပြန်ရောက်လာချိန်တွင် ဒစ်ဂျစ်တယ်ကောက်ထားသည့် ရက်ဂေးတစ်ဦး၏ ဦးခေါင်းထက်မှ ဆံပင်လို ပွယောင်း ဖွဖောင်း၍နေသည်။ “ ဆောရီး ရေထဲပြုတ်ကျလာလို့ ” အခင်ဆုံးသူငယ်ချင်းဆိုသူသည် ကျွန်တော့်စာအုပ်၏ သပ်ရပ်လှပ ခိုင်ခံ့မှုကို ခိုးယူသွားသည်။ “ ဒီစာအုပ်လေး ခဏငှါးကွာ၊ နှစ်ရက် သုံးရက်လောက်ပဲကြာမှာ၊ စာအုပ်ဆိုင် သွားရှာသေးတယ်၊ ဝယ်မရတော့လို့ကွ ” ဦးလေးလို လေးစားချစ်ခင်ရသူတစ်ဦးက ငှါးသွားသည့် ဂါထာမန္တန်များပါသည့် ဝါကြန့်ကြန့်စာအုပ်လေးသည် တစ်ပတ်ခန့်ကြာပြီးနောက် မှာ တော့ ကျွန်တော့်ထံသို့ ပြန်ရောက်လာသည်။ စာရွက်တစ်ချို့က ကျွန်တော့်ထံသို့ ပြန်လိုက်မလာတော့။ စုတ်ဖြဲယူလိုက်သည့် ပိုင်ရှင်သစ်ထံတွင် ပျော်နေတော့သည်။ တစ်ချို့သူတွေက ကျွန်တော့်ထံမှ ငှါးထားသည့် စာအုပ်ကို အမေ့ကောက်ကာ အပျောက်ဖြောက်သည်။ တစ်ချို့က ပျောက်သွားလို့ဆို သော စကားသုံးလုံးဖြင့် ရှားပါးစာအုပ်ကို အပျောက်ရှင်းသည်။ ထိုသူများကို ကျွန်တော့်မှတ်သိစိတ်ထဲတွင် စာချစ်သူများ သို့မဟုတ် ခိုးယူခြင်း အနုပညာသည်များ ဟူသော ခေါင်းစီးအောက်တွင် နံပါတ်စဉ်လိုက်သည်။ “ အဲဗျာ … ဒီဆေးပရုတ်ဆီက သုံးထောင်လား၊ သူငယ်ချင်း ငါးရာစိုက်လိုက်ကွာ၊ နက်ဖြန်ပြန်ပေးမယ် စိတ်ချ …” “ ဒီနားကျမှ ဆီပြတ်သွားတာလို့ သူငယ်ချင်းရေ၊ ပိုက်ဆံအိတ်ကလည်း အိမ်မှာ မေ့ထားခဲ့တာ၊ အဲဒါ …” “ မင်းတူမလေး ဆေးရုံတင်ရမှာတဲ့ သူငယ်ချင်းရာ၊ အလုပ်ကလည်း ကြိုသုံးထုတ်လို့ မရတော့ဘူး၊ တခြားသူတွေကလည်း ဘဝတူတွေ ချည်းပါပဲကွာ၊ အားကိုးစရာဆိုလို့ မင်းပဲရှိတာ သူငယ်ချင်းရာ၊ မဖြစ် ဖြစ်အောင်တော့ လုပ်ပေးပါကွာ၊ ကူညီပါကွာ နော် …” ထိုသို့သော သူငယ်ချင်းများနှင့် ဆုံပြီးနောက်တွင် မပျက်ယွင်းသည့် သစ္စာဖြင့် အမှန်တရာတစ်ခုက စောင့်ကြိုနေတတ်သည်။ သူတို့ ပြန်ဆပ်မည်ဟု ချိန်းထားသောရက်တွင် ပြန်ဆပ်နိုင်ခြင်းမရှိဘဲ “ အဆင်မပြေသေးလို့ပါ ” ဆိုသော စကားတစ်ခွန်းနှင့်အတူ ခိုတို့၏သံစဉ်တေးကို တိုင်ပင်ထားသူများပမာ ဆိုညည်းပြကြလိမ့်မည် ဖြစ်သည်။ တစ်ချို့တွေက မေ့ချင်ယောင်ဆောင်သည်။ တစ်ချို့တွေက ရူးချင်ယောင်ဆောင်ကာ ရွှေပျောက်ပြတတ်ကြသည်။ ထိုသူများကိုတော့ ပိုက်ဆံမရှိ ကတိမတည်ဆိုသော အုပ်စုအောက်တွင် မှတ်တမ်းတင်သည်။ ပိုက်ဆံရှိပြီး ကတိမတည်သည့် သူတစ်ချို့လည်း ရှိသေးသည်။ (Time is money) ဆိုသော စကားလုံး၏ အဓိပ္ပါယ်ကို အတိအကျပုံဖော် နိုင်သည့် သူဌေးတစ်ဦးရှိသည်။ ဖေဖေ့၏ သူငယ်ချင်းတစ်ဦးဖြစ်သည်။ မြို့လယ်ရှိ အချက်အခြာကျသည့် ရပ်ကွက်ကြီးတစ်ခုရှိ အထင်ကရ လမ်းမကြီးတစ်လျှောက် နေအိမ်၊ တိုက်တာပေါင်းများစွာကို ပိုင်ဆိုင်ထားသူဖြစ်သည်။ “ မြို့ထဲမှာနေဖို့ဆိုတာ အရည်အချင်းရော အရေအတွက်ပါရှိမှ ဖြစ်တာကွ …” ဆင်ခြေဖုံးရပ်ကွက်မှာနေသည့် ကျွန်တော်က မြို့ထဲမှာရှိနေသည့် တောင်တစ်လုံးကို လေးစားစွာ ဦးညွှတ်ခဲ့ဖူးသည်။ အချိန်အတန်ကြာ သည့်နောက်မှာတော့ သူ၏လုပ်နည်းလုပ်ဟန်တစ်ချို့ကို လေ့လာသိရှိခဲ့ရသည်။ သူ့ထံတွင် တိုးရင်းပွားရင်းလေးများအတွက် ရင်းနှီးမြှပ်နှံထားသူ တော်တော်များများရှိသည်။ ထိုသူများအား ပေးဆပ်ရမည့်ငွေကို အချိန်ရွှေ့ဆိုင်းသောနည်းဖြင့် အမြတ်ထုတ်ယူခြင်းဖြစ်သည်။ တိုးရင်းပွားရင်းလေး များသည် လေးငါးရက်ခန့်နောက်ကျပြီးမှ ပိုင်ရှင်ထံသို့ရောက်သည်။ အချိန်စေ့၍ ပြန်လည်ထုတ်ယူရသည့် ရင်းနှီးငွေလေးများသည် တစ်ပတ် ဆယ်ရက် နောက်ကျတတ်သည်။ တစ်ခါတစ်ရံတွင် တစ်လနီးပါးမျှ စောင့်ဆိုင်းရသည်။ ထိုသို့စောင့်ဆိုင်းရသည့်အတွက် အမြတ်ငွေ နှစ်သိန်း သုံးသိန်း ပေးတတ်သော်လည်း ထိုငွေအတွက် သူရရှိထားသည့် အကျိုးအမြတ်မှာ နှစ်ဆ၊ သုံးဆမက ရှိနေသော ငွေများဖြစ်သည်။ သူသည် ကျွန်တော်အတွက် အဝေးကြီးသော်လည်း အနီးသေးသည့် တောင်တစ်လုံးဖြစ်သည်။ “ ရောက်နေတာ ကြာပြီလား၊ ခဏလေးနော် ..” အိမ်မှာ ကျန်ခဲ့သည့် ရေးလက်စ ဝတ္ထုတိုကို မြင်ယောင်မိသည်။ ဖတ်လက်စ စာအုပ်မယူခဲ့မိခြင်းကို နောင်တရသည်။ “ ခဏစောင့်ဦးနော် … ဘဏ်သွားထုတ်တယ်၊ တနင်္လာနေ့ဆိုတော့ လူများတယ်ထင်တယ် …” “ ဟွန်ဒီနဲ့လွှဲမယ် ပြောတယ်၊ ဖုန်းခေါ်မရသေးလို့ … အအေးလေးသောက်လိုက်ဦး ..” ကျွန်တော် သိလိုက်ပြီ။ ထိုစကားမျိုးကြားလိုက်ရလျှင် ကြီးမားအောင်မြင်သည့် လုပ်ငန်းကြီးနှစ်ခုနှင့် လုပ်ငန်းငယ်ပေါင်းများစွာကို ပိုင်ဆိုင် သည့် သူဌေးကြီးသည် သူ၏အချိန်တွေကို ခိုးယူတော့မည် ဆိုတာကို သိသည်။ (Juice) ဂျု့စ်တစ်ခွက်နှင့် ထိုသူဌေး၏ (Lobby) လော်ဘီတွင် ဂျာနယ်ဖတ်ရင်း၊ (Settelite) မှသတင်းများကို ကြည့်ရင်း အချိန်တွေ နေ့တစ်ဝက်လောက် ဖြုန်းရတော့မည်ကို သိသည်။ ဘူဇွာဟု ခေါ်ရမည်လား၊ ယနေ့ခေတ်အခေါ် ခရိုနီဟု သတ်မှတ်ရမည်လား မသိသည့် သူဌေးကြီးသည် ကျွန်တော်၏ အချိန်တွေကို ခိုးယူ နေသည့် သူခိုးကြီးဖြစ်သည်။ ထိုသို့ အချိန်အခိုးမခံရစေရန်အတွက် ရစရာရှိသည်များကို နောက်ရက်မှ လာယူမည်ဆိုလျှင်တော့ ပထမတစ်ခွက် လောင်းချလိုက်လျှင် အေးမှာစိုးသည့်အတွက် သွန်ပစ်လိုက်သည့် ရေချိုးသူနှင့်တူနေတော့မည်ဆိုတာကို အတပ်သိသည်။ အချိန်သူခိုးကြီးများနှင့် ရင်ဆိုင်ရတော့မည်ဆိုလျှင် ကျွန်တော်၏ ဖတ်လက်စ စာအုပ်ကို ယူလာခဲ့လိုက်သည်။ ရေးလက်စ စာမူအတွက် နုတ်ထုတ်ခြင်း၊ စကားလုံးရှာဖွေခြင်း ဖြင့် ပြုန်းတီးသွားမည့် အချိန်တွေကို အသုံးချခြင်းဖြင့် ကာကွယ်ရသည်။ လူတန်းစားအသီးသီးတွင် သူခိုးအမျိုးမျိုးရှိသည်။ အလွှာအသီးသီးမှာရှိသည့် တူညီသောသူခိုးမှာ အချိန်သူခိုးဖြစ်သည်။ တစ်ချို့တွေက ၄င်းတို့၏ ကြီးကျယ်ခမ်းနားမှုကို ပြသရန်အတွက် ဧည့်ခန်းတွင် စောင့်ဆိုင်းစေခြင်းဖြင့် တစ်ပါးသူ၏ အချိန်ကို ခိုးသည်။ အင်တာဗျူးမည့်သူက အလုပ်လျှောက်သူ၏ စိတ်ရှည်သီးခံမှုကို စမ်းသပ်တာပါဆိုသည့် ရိုးအီနေသည့်ဆင်ခြေဖြင့် အင်တာဗျူးဖြေမည့်သူ၏ အချိန်ထဲမှ သုံးလေးနာရီခိုး သည်။ ရယူလိုမှုတစ်ခုအတွက် စိတ်ရှည်ပြသည့် လူတစ်ယောက်၏ ရိုးသားမှုတံတိုင်း မည်မျှမြင့်မည်ကို မခန့်မှန်းနိုင်သည့် (Board) အဖွဲ့၏ အားနည်းချက်လည်း ဖြစ်မည်။ သို့မဟုတ် လစ်လျူရှုမှုလည်း ဖြစ်နိုင်သည်။ “ ဒါလေးပြီးမှ ပြန်နော် …” ထိုစကားမျိုးဖြင့် အလုပ်ရှင်က အလုပ်သမားထံမှ အချိန်ကိုခိုးသည်။ အလုပ်ရှင်ရှေ့တွင် အလုပ်တွေကို အားကြိုးမာန်တက် ကြုံးလုပ်ပြကာ ကွယ်ရာတွင် ချောင်ခိုနေခြင်းဖြင့် အလုပ်သမားက အလုပ်ရှင်၏ အချိန်ကိုခိုးသည်။ ဝန်ထမ်းအချင်းချင်းကလည်း အချိန်ကို ခိုးသည်။ ဝန်ထမ်းက တာဝန်ချိန်ကို နောက်ကျဝင်ခြင်းဖြင့် မိမိရောက်မှ ပြန်နားရမည့် ဝန်ထမ်း၏ အချိန်ကို ခိုးသည်။ ကိုယ်တိုင် သူခိုးမဖြစ်စေရန်အတွက် အလုပ်ခန်းတွင်လည်းကောင်း၊ မှတ်စုစာအုပ်တွင်လည်းကောင်း စကားလုံးတစ်ချို့ကို ရေးသားထား လိုက်သည်။ “ Are you thief? Someone is waiting for you.” (ခင်ဗျားက သူခိုးလား။ တစ်ယောက်ယောက်က ခင်ဗျားကို စောင့်ဆိုင်းနေတယ်) ထိုစာကြောင်းလေးသည် ကျွန်တော့်ကို သူခိုးဘဝ မကျရောက်စေရန် ကယ်တင်ပေးသည့် စာလေးဖြစ်သည်။ ခင်ဗျား သူခိုးမဖြစ်ချင်ဘူး ဆိုလျှင်တော့ လက်ဆောင်တစ်ခုပေးချင်ပါသည်။ “ တစ်ယောက်ယောက် ခင်ဗျားကို စောင့်နေတယ်ဆိုတာ သတိရလိုက်ပါ …” လိုက်နာကျင့်သုံးနိုင်မည် ဆိုလျှင်တော့ အချိန်သူခိုးဆိုသော ဝေါဟာရသည် ခင်ဗျားနှင့် မသက်ဆိုင်တော့်သည့် စကားလုံးဖြစ်လာမည် ဖြစ်သည်။ သိပ္ပံပညာရှင်များ၏ ထုတ်ဖော်ချက်အရ ကမ္ဘာကြီးသည် နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းကာ စောင်းစောင်းကြီးလည်နေသည်ဟု သိရပါသည်။ ထိုကမ္ဘာကြီးတွင် တစ်ချို့တွေက ရယူဖို့ကြိုးစားသည်။ တစ်ချို့တွေက ပေးဆပ်ဖို့ကြိုးစားသည်။ ရယူလိုသူတို့က မှန်ကန်သည့် နည်းလမ်းကို အသုံးမပြုကြသောအခါ သူခိုးဆိုသည့် ဝေါဟာရ ပေါ်ပေါက်လာသည် ထင်သည်။ ကမ္ဘာကြီးပြန်တည့်သွားလျှင်ရော သူခိုးများ ပျောက်ကွယ်သွားပါမည်လား။ ထိုအရာကိုတော့ ကျွန်တော်မသိပါ။ သေချာသည်ကတော့ ယခုအခါတွင် လူတန်းစားအသီးသီး၌ ပျော်ဝင်နေသည့် လူတစ်မျိုးမှာ သူခိုးဆိုသော လူထဲမှ လူသားတစ်မျိုးသာ ဖြစ်တော့သည်။ ချစ်ခြင်းများဖြင့် သင့်ရဲ့ ရှဥ့်ညိုလေး https://shintnyolay.blogspot.com ٭٭٭٭٭ ٭٭٭٭٭ ٭٭٭٭٭ |
Authorကျွန်တော်က အက်ဆေးချစ်သူပါ။ အက်ဆေးမှာ လမ်းကြောင်းပေးထားတာမရှိဘူး။ ဘယ်လိုအဆုံးသတ်ရမယ်ဆိုတဲ့ ပုံလောင်းပေးထားတာ မရှိဘူး။ အက်ဆေးဟာ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ချစ်တဲ့ အက်ဆေးလေးတွေကို ဆက်ရေးဖြစ်ဦးမှာပါ... Archives
December 2016
Categories |