ကျွန်တော်နှင့် ဓားတစ်လက်၏အနုပညာ
ရသစာတမ်း ကျွန်တော်ကဓားချစ်သူဖြစ်သည်။ ထို့ကြောင့်ကျွန်တော့်မှာဓားတစ်ချို့ရှိတယ်။ ဓား၏ဂုဏ်သတ္တိ နှင့်ဓားပီသသည့်ဓားတွေဖြစ်သည်။ သူတို့တတွေအားလုံးရုပ်ရှင်သရုပ်ဆောင်ဓားတွေလိုဝင်းလက်တောက်ပြောင် မနေခဲ့သလိုဧည့်ခန်းမှာချိတ်ဆွဲပြသကြသည့် ကနုတ်ပန်းများထွင်းထားသည့် ဟန်ပြဓားများဖြစ်မနေသည်ကတော့ သေချာသည်။ ရှေးခေတ်ဟောင်းဓားတွေလိုသမိုင်းတန်ဖိုးနှင့်ပြသထားရမည့်ဓားများလည်းမဟုတ်ခဲ့ချေ။ မုဆိုးမအိမ်ကခပ်တုံးတုံးဓားဆိုးမျိုးကိုစာဖွဲ့မနေလောက်ဘူးဆိုသည့် ခင်ဗျား၏ထင်မြင်ချက်ကလည်းမှန်ပါသည်။ တကယ့်ကိုဓားပီသည့် ဓားတွေဖြစ်သည်။ ၄င်းတို့အထဲမှ ခပ်ငယ်ငယ်ဓားတစ်ချောင်းပြောရမည်ဆိုလျှင် အသွားကခြောက်လက်မခွဲရှိသည်။ လက်ကိုင်ကိုသံပိုက်တစ်ခုနှင့်ဖစ်ဖြစ်အောင်လုပ်ထားသည်။ ကိုင်လိုက်သည်နှင့်လက်ထဲတွင် အေးစက်မာကျောခြင်းနှင့်အတူစီးစီးပိုင်ပိုင်ရှိနေမည်ဖြစ်သလိုအရာရာအတွက်လည်းအဆင်သင့်ဆိုသောခံစားချက်မျိုးစီးဆင်းသွားစေလိမ့်မည်။ ထိုအချိန်တွင် ခင်ဗျား၏ရင်ခုန်သံမှအပဝန်းကျင်သည် တိတ်ဆိတ်သွားမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်နှင့် ရင်ဆိုင်နေရချိန်မျိုးတွင် ရှေ့မှာရှိနေသည့် ရန်သူ၏လှုပ်ရှားမှုကိုလေတိုက်၍လှုပ်သွားသည့် ဆံဖျားလေးမှအစ ကြိတ်ရှိုက်လိုက်သည့် သက်ပြင်းချသံအဆုံးအားလုံးကိုခံစားမိလိမ့်မည်။ ယုတ်စွအဆုံးတစ်ဖက်ရန်သူ၏ နှာသီးဖျားအောက်နှင့် အထက်နှုတ်ခမ်းပေါ်ရှိကြောက်ရွံ့စိတ်အိုက်ခြင်း၏ သင်္ကေတအဖြစ် သီးထနေသည့် ချွေးဥလေးများကို မြင်လာရမည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် စစ်တုရင်သမားတစ်ယောက်၏ အထက်စီးနင်းအပြုံးကိုခင်ဗျားပြုံးလိုက ပြုံးနိုင်ပြီဖြစ်သည်။ အသွားကထက်မြိနေသလိုထိပ်ဖျားကလည်းချွန်စူးနေသည်မှာလွန်ရောဟုဆိုချင်စရာဖြစ်သည်။ ခမ်းခမ်းနားနားမဟုတ်သော်လည်းဓားတစ်လက်၏ ထည်ဝါမှုကအပြည့်ဖြစ်သည်။ သူအလည်ရောက်နိုင်သည်ကခင်ဗျားနှလုံးသား ဖြစ်နိုင်သလိုကျွန်တော့်နှလုံးသားလည်းဖြစ်နေနိုင်သည်။ ခက်သည်ကဘယ်အချိန်ရောက်လာမလဲဆိုသည်ကိုမသိနိုင်ခြင်းပဲဖြစ်သည်။ ဒါသည်ပင်လောကကြီး၏မသိခြင်းလက်ဆောင်တစ်ခုဖြစ်သည်။ “ တစ်ရက်နီးလာပြီ၊ တစ်ယောက်ထဲသွားရမယ့် ဒီခရီးသင်သတိထားမိရဲ့လား” (Learn to die well) ဆိုသောစာသားလေးပါသည့် ကဒ်ပြားလေးကို ကျွန်တော့်အခန်းနံရံထက်တွင် ချိတ်ဆွဲထားပါသည်။ သေဖို့အတွက် ဆင်ခြင်ထားရမည်ဖြစ်သလိုနေဖို့အတွက်လည်း ပြင်ဆင်ထားရမည်ဖြစ်သည်။ ရှေးခေတ်ဂျပန်ဆာမူရိုင်း(စစ်သည်တော်)များတွင် ရန်သူကိုတိုက်ခိုက်ဖို့အတွက် ဓားရှည်တစ်ချောင်းနှင့် ဓားလတ်တစ်ချောင်းကိုယ်နှင့်မကွာရှိသည်။ ထို့အတူမိမိ၏ဂုဏ်သိက္ခာကိုဆယ်တင်ဖို့အတွက် မိမိကိုယ်ကိုထိုးသတ်(ဟာရာကိရိ)ကာအသက်ကိုအဆုံးစီရင်ရန်အတွက် ဓားမြှောင်တစ်ချောင်းကိုလည်းအမြဲပင်ဆောင်ထားသည်။ ဂျပန်ဆာမူရိုင်းများ၏ နေခြင်းနှင့် သေခြင်းအတွက် ပြင်ဆင်ထားပုံပင် ဖြစ်သည်။ ဂျပန်ဆာမူရိုင်းများ၏ သေခြင်းနှင့်ရှင်ခြင်းကြားပိုင်းဖြတ်ထားသည့်စည်းကလေးအထက်တွင် ဓားရှိသည်။ ဓားရဲ့ဗီဇထဲမှာ ငြိမ်းချမ်းခြင်း၊ ရန်လိုခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ ချစ်ခြင်း၊ မုန်းခြင်းစသဖြင့် ဆန့်ကျင်ဘက်သဘောတရားတွေ ပြည့်နှက်နေတယ်။ ကျွန်တော်က ငြိမ်းချမ်းခြင်းကိုအလိုရှိသူဖြစ်သည်။ ထို့ကြောင့် အတွေးထဲမှာပင်မကြာခဏရန်ဖြစ်တတ်သည်။ အတွင်းရောအပြင်မှာပါ အစစ်အမှန် ငြိမ်းချမ်းဖို့ဆိုလျှင် ဓားတစ်လက်အကြောင်း၊ သို့မဟုတ် ဓား၏အနှစ်သာရကိုယခုထက်ပိုသိ၊ ပိုနားလည်ဖို့ လိုအပ်သည်ဟုထင်သည်။ ခွင့်ပြုမည်ဆိုလျှင် မေးခွန်းတစ်ခုလောက် မေးချင်ပါသည်။ “ဓားတစ်လက်ရဲ့ ဂုဏ်သိက္ခာနဲ့တန်ဖိုးကိုခင်ဗျားဘယ်လိုပိုင်းဖြတ်မှာလဲ။ ဓားအမျိုးအစားအပေါ်မှာလား၊ အသုံးချနိုင်မှု စွမ်းရည်ပေါ်လား။ အသုံးကျခဲ့မှုအပေါ်မှာလား၊ ငွေကြေးတန်ဖိုးပေါ်မှာလား...” ကျွန်တော့်တွင် ဓားကို မြတ်နိုးသောဆရာကြီးတစ်ယောက်ရှိသည်။ ဆရာကြီးထံမှာရှိနေသည့် ဓားတို့က ပြတိုက်မဖွင့်လောက်သော်လည်းနယ်မျိုးစုံမှာရှိသည့် နာမည်ကျော်ဓားတိုင်းရှိသည်။ ဂျပန်တို့၏ နာမည်ကျော် ကင်ဒိုဓားကိုဆရာကြီးထံမှ ထိတွေ့ကိုင်တွယ်ဖူးခြင်းဖြစ်သည်။ ကျွန်တော်ဓားစုဆောင်းသည့် အကျင့်မှာဆရာကြီးထံမှရခဲ့ခြင်းဖြစ်မည်ထင်သည်။ တစ်ခါကဆရာကြီးအင်းလေးရောက်တုန်းမှာဓားမြှောင်တစ်လက်ဝယ်သည်။ ရောင်းသည့်ရှမ်းအမျိုးသားကြီးဆီဈေးဆစ်တော့ ဈေးမဆစ်ဖို့အကြောင်းချေချေငံငံပြန်ပြောသည်။ ထိုရှမ်းအမျိုးသားကြီးပြောသည်က … ''ဈေးတော့မဆစ်ပါနဲ့ဆရာကြီးရယ်၊ ဒီဓားမြှောင်ကထိုးရဲရင်တန်ပါတယ်” ထိုစကားတစ်ခွန်းနှင့်ဓားဆိုလျှင်အရူးအမူးနှစ်သက်သည့်ကျွန်တော့်ဆရာကြီးဓားတန်ဖိုးကို ဆိုဈေးအတိုင်းပေးဝယ်ခဲ့ရဖူးသည်။ခင်ဗျားကဓားချစ်သူလား။ ခင်ဗျားဆီမှာရှိနေတဲ့ဓားတွေကဘာအတွက်လဲ။ ကျွန်တော့်ဆီမှာဓားတချို့ရှိသည်။ ထိုဓားတွေက ....။ “ဟုတ်ကဲ့ ထိုးရဲရင် တန်ပါတယ်” ဆိုသောဓားများဖြစ်ပါသည်။ မင်းရောက်နေတာတွင်းနက်ထဲလို့ သိလိုက်ရရင် တူးနေတာကိုရပ်လိုက်ပါဆိုတဲ့ စာသားတစ်ခုကိုဖတ်ခဲ့ဖူးတယ်။ ဘ၀မှာ တွင်းနက်ထဲရောက်နေမှန်းသိသိရက်နှင့်ဆက်တူးနေရသူတွေကိုရောခင်ဗျားဘာပြောမလဲ။ အခြေအနေတွေကမတူကြသလိုအဖြေဆိုတာလည်းတစ်ခုတည်းမှ မဟုတ်တာဆိုသည် ကိုတော့ အခြေခံအားဖြင့် သိထားသင့်ပါသည်။ ထို့ကြောင့်တောနက်ထဲမှာဓားတစ်လက်နှင့် လမ်းရှင်းခဲ့ရဖူးသည်။ ကိုယ့်အသက်ကိုချစ်၍သူ့အသက်ကိုယူလိုက်ရသည်။ အဲဒီလိုနှင့်လမ်းတွေကပိုလို့ကွေ့ကောက်လာသည်။ ကောင်းကင်ဟာပိုလို့မည်းမှောင်ကာလရောင်တွေလည်းပျောက်ကွယ်ခဲ့ရသည်။ တောပန်းလေး၏အလှကိုမခံစားတတ်တာ ကြာပါပကောဆိုသည်ကိုအမှတ်ရသည်။ အဆုံးသတ်သည့်အခါမှာတော့ ကိုယ့်အနားမှာချစ်တဲ့သူတွေ မရှိကြတော့၊ မုန်းတဲ့သူဆိုသည်ကလည်း ။ လက်ထဲမှာကျန်နေခဲ့သည်ကဒီဓားဖြစ်သည်။ ဘာအတွက်ကြောင့် ဆက်ပြီးဆုပ်ကိုင်ထားရမှာလဲ။ ငြိမ်းချမ်းခြင်းဆိုသည်ကဓားကိုင်လိုက်ကတည်းကလွတ်ကျခဲ့ရသည်မဟုတ်လား။ လွတ်ကျသွားသည့်အရာတွေအတွက်၊ လွှတ်ချထားရမည့်အရာတွေလည်းရှိသည်။ ကဲခု ...စ,လိုက်ကြစို့လား။ ပွဲတော်မှီသေးတယ်လေ။စိတ်ထဲကတီးတိုးရွတ်ဆိုရင်းခြေလှမ်းတွေကအလင်းများနှင့် ကမ္ဘာသစ်ဆီသို့ ဖြစ်သည်။ မာယာခပ်နက်နက်သုတ်ထားသည့်တောနက်ထဲမှနေ၍ဓားတစ်လက်ကိုအဖော်ပြုကာလမ်းလျှောက်ထွက်ခဲ့လိုက်သည်။ အဲဒီနေ့က နေသာသောနေ့ မဟုတ်သလိုမိုးတွေကျဲချနေသည့်နေ့လည်းမဟုတ်ခဲ့။ လျော့ရဲရဲအလင်းနဲ့ ဖျော့တော့တော့ မနက်ခင်းတစ်ခုသာဖြစ်သည်။ တစ်စုံတစ်ယောက်ရဲ့အာရုံဟာကျွန်တော့်အပေါ်ကိုစူးစိုက်နေတယ်လို့ ခံစားမိချိန် လက်ထဲကဓားကိုကျစ်ကျစ်ဆုပ်ရင်း ၀န်းကျင်ကို စူးစမ်းလိုက်သည်။ ရန်သူလားမိတ်ဆွေလား။ ဟောတွေ့ပြီ။ '' ပွဲတော်မှာခင်းကျင်းဖို့အတွက် မင်းရဲ့ဓားကိုလိုတယ်'' မျက်မှန်နောက်ကွယ်မှ လိုချင်တာကိုရအောင်ယူတတ်သည့် မျက်ဝန်းများကို လေ့လာနေစဉ် သူမထံမှ နူးညံ့သော်လည်း ပြတ်သားသည့် စကားသံက ဝေ့၀ဲလာသည်။ အလေးချိန် ဘယ်လောက်သားရှိမည် မသိရသည့် ခပ်ထက်ထက်ဦးနှောက်ကိုပိုင်ဆိုင်ထားသည့် သူမထံမှ ရဲရင့်မှုလှိုင်းတစ်ချို့က နှလုံးသားကိုရိုက်ခတ်လာသည်။ အကြည့်ကိုသူမ၏ဘယ်ဘက်လက် ဆီ ရွှေ့လိုက်တော့ နှလုံးသားနှင့် ချိန်ညှိရေးဆွဲရသည့် စုတ်တံတစ်ချောင်းကဆေးစက်တို့ စွန်းပေလျှက်ရှိသည်။ ညာလက်ထဲမှာတော့ အသိဥာဏ်နှင့် နှလုံးသားကိုရောမွှေထားသည့် ကလောင်တစ်ချောင်း။ ကျွန်တော်ခေါင်းရမ်းလိုက်သည်။ ''ခင်ဗျားအတွက် ဓားကမလိုအပ်တော့ပါဘူး၊ ဓားဆိုတာသတ္တိနည်းသူတွေရဲ့အဆောင်ဖြစ်သလိုရဲရင့်သူတွေအတွက်လည်းအနုပညာဖြစ်တယ်။ ပိုလျှံနေတဲ့ အစွမ်းထက်လက်နက်တွေရှိနေတဲ့ ခင်ဗျားဆီမှာဟောဒီဓားဟာသိက္ခာကျနေရလိမ့်မယ်။သိမ်ငယ်နေရလိမ့်မယ်။အနုပညာအနေနဲ့လည်းဂုဏ်ငယ်နေရမယ့်အဖြစ်မျိုးလက်မခံနိုင်ဘူး။ ခင်ဗျားအစွမ်းတွေကို ပြဖို့အတွက် တခြားတစ်နေရာကိုသွားပါ။ ခင်ဗျားအနုပညာကိုခင်းကျင်းနိုင်မယ့် ကျယ်ပြန့်တဲ့ တစ်နေရာရာပေါ့'' ''ကောင်းပြီလေကိုယ်ဒီနေ့ပဲကမ်းခြေကိုသွားမယ်။ အဲဒီမှာကိုယ့်အတွက် တစ်ခုခုရှိမှာပါ'' နောက် တခဏမှာတော့ တောအုပ်သည် ပြန်လည်တိတ်ဆိတ်သွားပြီး မြင်ကွင်းအားလုံးမှာလည်း ပိုမိုေ၀၀ါးမှုန်မှိုင်းသွားလေသည်။ အိုး မြူတွေ ထပ်ဆိုင်းလာပြန်ပြီပေါ့။ ထို့နောက် ကျွန်တော်လက်ထဲကဓားကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ပို၍နက်သည့်တောနက်၊ လူ့လောကနယ်ပယ်ဆီသို့ တိုးဝင်ခဲ့ လိုက်သည်။ တောနက်၏ အစပ်ကိုရောက်သည်နှင့် မြေကြီးပေါ်သို့ ဓားကိုအားကုန်ထိုးစိုက်လိုက်သည်။ ကျွန်တော်တိုးဝင်မည့် တောနက်သည့် ဓား၏အလှတရား၊ ဓား၏ အနုပညာကိုမခံစားတတ်သေးသည့် နယ်မြေမဟုတ်လား။ ယုတ်စွအဆုံး ကျွန်တော်ကိုယ်တိုင်ပင် ဓား၏ငြိမ်းချမ်းမှုကိုတိတိကျကျ နားမလည်နိုင်သေး၍ စွန့်ခွာခဲ့ခြင်းဖြစ်သည်။ ကျွန်တော်ကဓားချစ်သူဖြစ်သည်။ ဓားထက် ငြိမ်းချမ်းမှုကို မြတ်နိုးသူဖြစ်သည်။ ထို့ကြောင့် ချစ်သည့်ဓားကိုတောစပ်တွင် စွန့်ခဲ့ခြင်းဖြစ်သည်။ မြူတွေကင်းစင်သွားသည့်နောက်မှာ မြင်ကွင်းအားလုံး ကြည်လင်ဝင်းပလာသည်။ နေခြည်နွေးလေးက မနက်ခင်းသစ်လေးတွင် ဖြာကျနေသည်။ ကျေးငှက်တို့၏ အသံတို့လည်းပျံ့ပျံ့လွင့်လွင့်။ သို့သော် တောအုပ်ထဲတွင် မည်သူမျှ ရှိမနေတော့။ သို့မဟုတ် လူသားသက်ရှိတစ်ဦးတစ်ယောက်ကိုမျှ တွေ့မနေရတော့သည်ကသေချာသည်။ ငြိမ်းချမ်းခြင်းနှင့် ဓား၏အလှတရားကိုယှဉ်တွဲပြနိုင်သည့်တစ်နေ့ ကမ္ဘာကြီး၏ တနေရာရာတွင် ဓားတစ်လက်၏ အနုပညာကိုတစ်ဦးတစ်ယောက်ကခင်းကျင်းပြသနေမှာသေချာလေသည်။ ကမ်းခြေတစ်နေရာရာမှာလည်း ဖြစ်နိုင်သည်။ ချစ်ခြင်းများဖြင့် သင့်ရဲ့ ရှဥ့်ညိုလေး http://shintnyolay.blogspot.com ***** ***** ***** |
Authorကျွန်တော်က အက်ဆေးချစ်သူပါ။ အက်ဆေးမှာ လမ်းကြောင်းပေးထားတာမရှိဘူး။ ဘယ်လိုအဆုံးသတ်ရမယ်ဆိုတဲ့ ပုံလောင်းပေးထားတာ မရှိဘူး။ အက်ဆေးဟာ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ချစ်တဲ့ အက်ဆေးလေးတွေကို ဆက်ရေးဖြစ်ဦးမှာပါ... Archives
December 2016
Categories |