တောင်တန်းများ
လှောင်အိမ်မှန်းသိရက်နဲ့ သူဘာကြောင့် ဝင်ခဲ့မိပါလိမ့်။ အဖော်တွေကြောင့်လား။ ဒါမှမဟုတ် စူးစမ်းချင်စိတ်ကြောင့်လား။ စူးစမ်းချင်စိတ်သက်သက်ကြောင့် မဟုတ်ဘူးဆိုတာကိုတော့ သူသိသည်။ အတွေ့အကြုံဆိုတာ ကိုယ်တွေ့မှပဲ ပီပြင်တော့မှာလား။ သူငယ်ချင်းတွေ ကိုယ်စီပြောပြတတ်တဲ့ ဇာတ်လမ်းတိုလေးတွေထဲမှာ နားထောင်သမားသက်သက်အဖြစ် ရပ်တည်နေရတဲ့သူ့အတွက် ဇာတ်လမ်း တစ်ပုဒ်လောက် ကိုယ်တိုင်ပြောချင်တဲ့ တလွဲမာနကြောင့်လား ဆိုတာကိုတော့ သူမဝေခွဲနိုင်။ သေချာတာ တစ်ခုကတော့ အခန်းထဲသို့ ဝင်ဝင်ခြင်း ခံစားလိုက်ရသည်က သူသည် နေရာလွဲ၍ ရောက်လာသည့် ကျားတစ်ကောင်သာ ဖြစ်သည်။ ဒီလှောင်အိမ်ထဲသို့ သူဝင်လိုက်မိသည်မှာလည်း နံဘေးမှာပါလာသည့် သူငယ်ချင်းသုံးယောက် ကြောင့် ဖြစ်သည်။ သူတို့တတွေကတော့ လာနေကြတော၊ ဝင်နေကြဂူသို့ အောင်းနေကြ ကျားရဲများပမာပင်။ (Massage) လုပ်သည့်အခန်းကို ကြည့်ပြီးနောက် မသတီသဖြင့် အနည်းငယ် အဆင်ပြေမည်ထင်သည့် (KTV) ခန်းထဲသို့ ဝင်ခဲ့လိုက်ခြင်းသာဖြစ်သည်။ ပတ်ဝန်းကျင်အနှောက်အယှက် ဖြစ်မှာစိုးသည်ထက် အထဲမှာ လွတ်လပ်စွာကဲနိုင်ဖို့အတွက် လုံခြုံအောင်ဆောက်ထားသည့် ထိုအခန်းလေး သည် အနားကပ်လိုက်သည်နှင့် တီးလုံးသံတချို့က ပျံ့လွင့်လာသည်။ အထဲမှာလည်း ဘယ်လောက်အထိ လုံခြုံမှာလည်း။ (CCTV) တပ်မထားဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ သူ့ကို (Service) ပေးမည့် ကောင်မလေးမှ လက်ဆွဲခေါ်စဉ် သူမွန်းမွန်းကြပ်ကြပ် တွေးလိုက်မိသည်။ " ကိုထက် ပေါ့ပေါ့ပါးပါးပဲနေနော်၊ ဘာမှတွေးမနေနဲ့၊ စိတ်တွေကို လွှတ်ထားလိုက်၊ ဂျူးဂျူး မင်းကိုကြီးကို သေချာဂရုစိုက်နော်၊ သူက … " နောက်ဆုံးပြောလိုက်သည့် စကားသံက ဆောင်းဘောက်မှ ရုတ်တရက်ထွက်လာသည့် တီးလုံးသံအောက် ပျောက်ကွယ်သွားသည်။ ခဏအကြာမှာတော့ အမြှပ်တစီစီထနေသည့် ဖန်ခွက်များ၊ စီးကရက်မီးခိုးများ၊ အမြည်းပန်းကန်အမျိုးမျိုးဆီမှ အနံ့အသက်များ၊ မိတ်ကပ်နံ့များ၊ ရေမွှေးနံ့များ၊ အသံဗလံများ၊ မွန်းကြပ်မှုများဖြင့် အခန်းလေးသည် ညစ်ထေးသည်ထက် ညစ်ထေးသွားသည်။ ကျောင်းသားဘဝ ဂစ်တာပင်ကောင်းကောင်းမတီးတတ်သည့် သူ့ သူငယ်ချင်းများသည် မည်မျှပင် ကွင်းဆင်းထားသည်မသိ သီချင်းတော်တော်များများကို ဟဲနိုင်ကြသည်။ စုံတွဲသီချင်းများဆိုနေကြသည့် ကောင်မလေးတွေကလည်း အဆိုတော်နီးနီး အသံကောင်းလှသည်။ ဒါကတော့ သူတို့ရဲ့ အသက်မွေးမှုမို့ သိပ်မဆန်းလှ။ ဖီလင်အပြည့်နှင့်ဆိုနေကြသည့် သူတို့တတွေကိုကြည့်ရင်း အပျော်တွေကူးစက်မလာသည် ကတော့ ဆန်းသည်။ သူဆိုဖို့အလှည့်ရောက်တိုင်း ဂျူးဂျူးဆိုသည့် ကောင်မလေးကိုသာ ဆိုခိုင်းလိုက်သည်။ " အစ်ကိုက ဘာလို့လဲဟင် …" " ရှက်လို့၊ အဟင်း …" သေလိုက်ပါတော့ ဒီနေရာမှာလာပြီး ရှက်တယ်ပြောလို့တော့ မဖြစ်။ သူရယ်သံသဲ့သဲ့ပြုကာ ဆိုဖာနောက်မှီကို မှီချလိုက်သည်။ ကောင်မလေးက သူ့ပုခုံးပေါ်သို့ မှီလာသည်။ သူ့လက်တွေကို ဆိုဖာနောက်မှီပေါ်သို့ တင်ထားလိုက်သည်။ ကျန်သူငယ်ချင်းသုံးယောက်ကြည့်လိုက်တော့ သူတို့ ကောင်မလေးတွေ၏ ရင်ခွင်ထဲရောက်နေကြပြီ။ အကြည့်တွေကို ရှေ့မှာဖွင့်ထားသည့် တီဗီဆီသို့ ပို့ထားလိုက်သည်။ ဂျူးဂျူးက သူမပုခုံးပေါ်သို့ သူ၏လက်ကို ဆွဲတင်လိုက်သည်။ နူးညံ့ထွေးအိသည့် လက်မောင်းသား၏ အထိအတွေ့ကြောင့် သူခေါင်းငဲ့ကြည့်လိုက်သည်။ ရောင်စုံလက်နေသည့် ဆလိုက်မီးအောက်မှ ဆာလောင်နေသည့် ကျားသစ်မ၏ မျက်ဝန်းများ၊ သို့မဟုတ် တစ်စုံတစ်ရာကို ညှို့ငင်နေသည့် မျက်ဝန်းများ။ ဒီမျက်ဝန်းတွေထဲမှာ ချစ်ခြင်းတရားမရှိ၊ မေတ္တာမရှိ၊ မွတ်သိပ်မှု၊ လောဘနှင့် ငံ့လင့်မှုသာ ရှိသည်။ သူ မျက်ဝန်းညိုကြီးတစ်စုံကို သတိရလိုက်သည်။ ထိုမျက်ဝန်းညိုထဲမှာ ချစ်ခြင်းမေတ္တာ ရှိသည်။ အေးမြချမ်းမြေ့မှုနှင့်အတူ သူ့ကိုမြင်လျှင် ဝမ်းသာရွှင်မြူးသွားတတ်သည့် အပျော်တွေရှိသည်။ " ကို …" တိုးညှင်းညှင်းလေး ထွက်ပေါ်လာသည့် အသံကြောင့် သူမနှုတ်ခမ်းအစုံကို ကြည့်လိုက်သည်။ ရနံ့တစ်မျိုးနှင့်အတူ စွဲဆောင်အားပြင်းလွန်းသည့် ထိုနှုတ်ခမ်းကြောင့် သူရင်ခုန်းနှုန်း မြန်လာသည်။ ဒီနှုတ်ခမ်းကို ကိုယ့်ကိုယ်ကိုယ် ကျားလို့ယူဆထားသူတွေ ဘယ်နှစ်ကောင်းများ ကိုက်ခဲ့ကြပါလိမ့်။ ရင်တဒိတ်ဒိတ်ခုန်ရင်း အကြည့်ကို သူမ၏ လက်ချောင်း သွယ်လျလျလေးဆီသို့ပို့လိုက်သည်။ သူမလက်ကလေးကို အသာအုပ်ကိုင်လိုက်တော့ နူးညံ့ပျော့ပြောင်းသည့် အထိအတွေ့နှင့်အတူ လက်ချောင်းလှလှလေး၏ အလှဗေဒကို ရှာဖွေကြည့်မိသည်။ အိမ်အလုပ်တွေ လုပ်ရလွန်းသဖြင့် လက်ချောင်းဖြူတုတ်တုတ်နှင့် ကြမ်းရှနေသည့် အိမ်ရှင်မ၏လက်နှင့် ရှည်သွယ်နူးညံ့သည့် သူမ၏လက်။ ဘယ်လက်ကများပိုလှသလဲ၊ ပိုကျက်သရေရှိသလဲ။ သူ့အတွေးတွေက ယောက်ယက်ခတ်နေသည်။ ထိုစဉ် ဂျူးဂျူးက သူမပုခုံးပေါ်တင်ထားသည့် သူ့လက်ကို နေရာရွေ့လိုက်သည်။ ရင်ဘတ် တစ်နေရာမှတုန်ခါသွားသည့်အသိကြောင့် လက်ကိုဆတ်ခနဲ ရုတ်လိုက်သည်။ အံ့သြထိတ်လန့်သွားသည့် သူမကို အသာပြုံးပြလိုက်ရင်း ရှပ်အိင်္ကျီအပေါ်အိတ်ထဲရှိ (Silent) ချထားသည့် ဖုန်းကိုထုတ်လိုက်သည်။ နံပါတ်ကြည့်လိုက်တော့ အိမ်ကဖုန်းဖြစ်နေသည်။ ဒီလိုနေရာမျိုးမှာ အပြင်ထွက်ပြီးလည်း မပြောချင်တော့ သဖြင့် ပါဝါပိတ်ပစ်လိုက်သည်။ ဂျူးဂျူးက သူ့လုပ်ရပ်ကိုကြည့်ပြီး အမြည်းပန်းကန်ထဲမှ အသည်း အမြစ်တစ်တုံးကို တူဖြင့်ခွင့်ကျွေးစဉ် သူအသက်ရှူကြပ်သလိုဖြစ်လာသည်။ သူက သူငယ်ချင်းတွေကို ခဏဟုပြောကာ အပြင်ထွက်စဉ် အမဲလိုက်လုပ်ငန်းမအောင်မြင်သည့် ဂျူးဂျူးက စန္ဒီမြင့်လွင်၏ သီချင်း တစ်ပုဒ်ကိုဟဲရင်း ကျန်ရစ်သည်။ " I need another man " အပြင်ရောက်ရောက်ခြင်း လေကို တစ်ဝကြီးရှူသွင်းလိုက်သည်။ မလတ်ဆတ်သော်လည်း မွန်းကြပ်မှုတော့ လျော့ပါးသွားသည်။ လုံခြုံမှုကိုတော့ မခံစားရသေး။ ဒီနေရာနှင့်ဝေးလျှင် ပိုလုံခြုံမည် ဆိုသောအသိဖြင့် ကားကို ပါကင်မှထုတ်ခဲ့လိုက်သည်။ ဒီက အမဲလိုက်အခန်းလေးတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် မုဆိုးထင်ပြီး အမဲလိုက်ခဲ့သည့် ကျားတွေ ဘယ်လောက်ရှိခဲ့သလဲ။ ဘယ်သူက မုဆိုးလည်း။ ဘယ်သူက ကျားလဲ။ လျှင်သူစားစတမ်းလား။ အတွေးတို့က ရှုပ်ထွေးလွန်းလှသည်။ တော်ပြီ။ အိမ်ပြန်မည်။ မျှော်နေတော့မည်။ အိမ်မှာ ဘဝရှိသည်။ မျှော်လင့်ချက်နှင့်အတူ အနာဂတ်ရှိသည်။ (Home Sweet Home) ဟုမ်းဆွိ ဟုမ်း ဆိုတာ မှန်သည်။ သူလာမည့်လမ်းလေးကို မှန်းမျှော်ရင်း ကြိုနေမည့် ချစ်ဇနီးမျက်နှာကို မြင်ယောင်ရင်း သူ့အိမ်အပြန်လမ်းသည် ပျားရည်ရနံ့ သင်းနေခဲ့သည်။ *** *** *** သူ့လက်ထဲမှ ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်သို့ အသာချထားလိုက်သည်။ စာအုပ်က သူတို့ဆေးလောကအကြောင်း ရေးထားသည့် ဝတ္ထုကို ဆရာမောင်ထွန်းသူဘာသာပြန်ထားသည့် ရဲတိုက်စာအုပ်ဖြစ်သည်။ မူရင်းစာရေးသူက စကော့လူမျိုး ဆရာဝန်စာရေးဆရာကြီး အေ၊ ဂျေ၊ ကရိုနင် ဖြစ်သည်။ ဒီဇာတ်လမ်းထဲမှ ဒေါက်တာအင်ဒရူးမေဆန်၏ ဘဝကို အားကျသည်။ ရိုးသားကကြိုးစားသည့် ဆရာဝန်ကလေး ငွေကြေးကြောင့် လမ်းလွဲလိုက်မိချိန်မှာပင် ချစ်ဇနီးခရစ္စတီဘာလိုက အနားမှာရှိသည်။ လမ်းမှန်ရောက်အောင် ဖျောင်းဖြနိုင်ခဲ့သည်။ သူ့ဇနီးကို ခရစ္စတီလိုဖြစ်စေချင်သည်။ သို့သော် ဘယ်လိုမှ မဖြစ်နိုင်သည့် အကြောင်တရားတွေက ရှိသည်။ သူက ဒေါက်တာအင်ဒရူးမေဆန် မဟုတ်သလို လက်ထောက်ဆရာဝန်ကလေး ခင်မောင်ဦးသာ ဖြစ်သည်။ သူ့ဇနီးကလည်း ခရစ္စတီလို ကျောင်းဆရာမမျိုး မဟုတ်သလို ဗိသုကာနှင့် ကျောင်းပြီးထားသည့် ခပ်ထက်ထက်အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူက ဂုဏ်သိက္ခာကို အလေးထားပြီး ငွေနောက်မလိုက်လို သော်လည်း အမျိုးသမီးနှင့် အသိုင်းအဝိုင်းက ငွေကို ဦးစားပေးလိုသူများဖြစ်သည်။ တစ်ချိန်က သူ၏ရိုးသားမှုနှင့် ဆရာဝန်ဆိုသည့်ဘွဲ့ထူးကြောင့် သူ့ဇနီးနှင့် သဘောတူခဲ့ကြသည့် မိဘမောင်ဘွားများ သည် သူ၏ရိုးသားမှုကို အလေးမထားကြတော့။ ငွေဆိုသည့်ခေါင်းစဉ်အောက်မှာ ငွေနှင့်ဂုဏ်ကို ညီမျှခြင်းချပြတတ်ကြသည်။ သူတို့တတွေ၏ ဆန္ဒအရ အိမ်မှာဆေးခန်းဖွင့်ထားသော်လည်း လက်ထောက်ဆရာဝန်လေးတစ်ယောက်၏ ဆေးခန်းကို အားကိုးလိုသည့်လူနာက အနည်းစုသာဖြစ်သည်။ သူတို့ကိုယ်တိုင်ပင် နားမလည်သည့် နာမည်နောက်မှ အင်္ဂလိပ်စာတွေ တသီတတန်းကြီးပါသည့် အထူးကုဆရာဝန်ကြီးများ၏ ဆေးခန်းတွင်သာ ကားတွေပါကင်လုနေကြသည်။ လူနာတွေကြိတ်ကြိတ်တိုး တန်းစီစောင်းဆိုင်း နေကြသည်။ လိုအပ်သည်ထက် ပို၍လေးစားမပြနိုင်သည်က သူ၏ အားနည်းချက်ဖြစ်မည်ထင်သည်။ မသိနားမလည်၍ မေးမြန်းခြင်းကို ဖြေရခြင်းထက် နောက်ခံကားချပ်ကြီးများဖြင့် အရိပ်မိုးကာ စေခိုင်းခြင်းခံရသည်ကို သူမနှစ်သက်မိ။ ထိုအခါမျိုးတွင် သူ့အားနည်းချက်က ထင်ရှားပြတတ်သည်။ သူ၏ လုပ်ရည်ကိုင်ရည်နှင့် စိတ်စေတနာကြောင့် တပည့်မွေးလိုသည့် ဆရာများစွာရှိသည်။ ဂုဏ်သိက္ခာကို အပွန်းမခံလိုသည့်သူက တာဝန်ကျရာ ဆေးရုံကြီးနှင့် အိမ်ဆေးခန်းမှလွဲလျှင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းကြီးများသို့ ခေါင်းလျှိုမဝင်ခဲ့ချေ။ ယခုတော့ သူမာနဖြင့် အရောင်တင်ထားသည့် ဂုဏ်သိက္ခာလေးသည် အနည်းငယ်တော့ လှုပ်လာပြီဖြစ်သည်။ ဇနီးသည်၏ ဝမ်းကြာတိုက်ထဲတွင်ရှိနေသည့် ရင်သွေးလေးကြောင့် ဖြစ်သည်။ နှစ်ဖက်ဘိုးဘွားများကြားတွင် မြေဦးဆိုသောအသိဖြင့် သည်းသည်းလှုပ်ဖြစ်နေကြသည်။ ပြဿနာက ဘယ်မှာမွေးမလဲဆိုသည့် ပြဿနာဖြစ်သည်။ သူကတော့ တာဝန်ကျရာပြည်သူ့ဆေးရုံကြီးမှာပဲ မွေးလို သည်။ ဇနီးသည်ဘက်မှ သူတို့သမီး၊ သူတို့နှမကို ရိုးရိုးဆေးရုံမွေးမှာကို လက်သင့်မခံနိုင်ကြ။ သူတို့မြို့ရှိ နာမည်ကြီးပုဂ္ဂလိကဆေးရုံကြီးမှာသာ မွေးစေလိုကြသည်။ ခက်သည်က ငွေရေး၊ ကြေးရေး ဖြစ်သည်။ လက်ထောက်ဆရာဝန်ကလေးတစ်ယောက်၏ လစာနှင့် ထိုပုဂ္ဂလိကဆေးရုံမျိုး အနားကပ်ရန် ခဲယဉ်းသည်။ ပိုက်ဆံအတွက် ပူစရာမလိုဟု ယောက်ဖများကပြောသော်လည်း ထိုအခြေအနေမျိုးကိုတော့ သူလက်မခံနိုင်ချေ။ ကြွက်ဖျင်းတစ်ကောင်လို မသိကျိုးကျွံပြုကာ သူဦးခေါင်းလျိုးနေဖို့ကိုတော့ သူ့မာနက ဘယ်တော့မှခွင့်ပြုမှာမဟုတ်။ ဘယ်လောက် လုံအောင်ပိတ်ထားသော်လည်း ထွက်ပေါက်တို့က ရှိနေဆဲမဟုတ်လား။ သက်ပြင်းချသံနှင့်အတူ သူ့မာနသည် ပါးလျသွားသည်။ ဂုဏ်သိက္ခာသည် မှေးမှိန်သွားသည်တော့မထင်။ သူစာကြည့်မီးကို မှိတ်လိုက်သည်။ မနက်ဖြန်မနက်စောစော ဆရာလက်ဖက်ရည်သောက်ချိန်အမှီ သူသွားရဦးမည်။ ဆရာ့လက်ထောက်အဖြစ်နှင့် ပုဂ္ဂလိကဆေးရုံကြီးတွင် အလုပ်ဆင်းလိုကြောင်း သတင်းပို့ရဦးမည်လေ။ သူအိပ်ခန်းထဲဝင်လိုက်တော့ ညမီးမှိန်မှိန်အောက်တွင် ခပ်မို့မို့ ဗိုက်ကလေးဖြင့် အိပ်ပျော်နေသည့် ဇနီးသည်ကို တွေ့လိုက်ရသည်။ အိပ်ယာထက်သို့ အသာအယာလှဲလိုက်ချိန်တွင် ဇနီးသည်က နိုးလာသည်။ ချွေးလေးများ ဥနေသည့် နဖူးပြင်ကို အသာသပ်ပေးစဉ် သူမက … " မောင် အိပ်မပျော်ဘူးလား …" အဆက်အစပ်မရှိသည့် စကားတစ်ခွန်းကို သူပြောလိုက်သည်။ " မနက်ဖြန် မောင်အလုပ်ဝင်မယ် … " *** *** *** သူ့ရှေ့မှာရှိနေသည့် လက်ကျန်ခွက်ကို ဆတ်ခနဲမော့လိုက်သည်။ နောက်တံတွေးကို ပစ်ခနဲထွေးလိုက်ရင်း ဝက်ခေါက်သုပ်ပန်းကန်ကို လက်လှမ်းလိုက်သည်။ ဒီနေ့ သူခါတိုင်းထက် ပိုမူးချင်သည်။ ရင်ထဲမှာလည်း ခုနေသည်။ မဆီမဆိုင်တွေးလိုက်မိသည့် အကြောင်းအရာတစ်ခုကြောင့် သူ့စိတ်တွေက အလိုမကျစိတ်ဖြင့် တင်းနေသည်။ သူတွေးမိသည်က … " ဘဝဆိုတာဘာလဲ … " ဘဝဆိုတာ သူခုနကသောက်လိုက်သည့် ခါးသက်သက်အရည်တွေ လည်ချောင်းတစ်လျှောက် ပူပြင်းလောင်မြိုက်စွာ စီးဆင်းသွားခြင်းလား၊ သူစားလိုက်သည့် ဝက်ခေါက်သုပ်လို ချိုချဉ်ငံစပ် အရသာစုံစုံပဲလား၊ အိမ်မှာရှိနေကြသည့် ကလေးသုံးယောက်နှင့် သူ့မိန်းမကရော ဘဝလား၊ ဘဝနေဝင်ချိန်ကိုစောင့်နေသည့် ခြေတစ်ဖက်မသန်တော့သည့် သူ့အဖေကရော ဘဝလား။ ဒါတွေသာ ဘဝဆိုလျှင် ဆင်းရဲသည့် ဘဝပဲဖြစ်မည်။ သူသိလိုသည်က ချမ်းသာတဲ့ဘဝ။ ရိုးသားကြိုးစားလျှင် ချမ်းသာမည်တဲ့။ ရိုးသားကြိုးစားတိုင်းရော ချမ်းသာသလား။ သူ့အဖေ ဘဝတစ်လျှောက်လုံး ရိုးသားခဲ့သည်။ ကြိုးစားခဲ့သည်။ လက်ပွေအိတ်ကြီးအပြည့် ပိုက်ဆံတွေကောက်ရတာကိုပင် ပိုင်ရှင်ရှာပြန်ပေးခဲ့သူဖြစ်သည်။ ပတမှူး(အလုပ်သမားမှူး)အဖြစ် တာဝန်ထမ်းဆောင်ရင်း သဘောင်္ပေါ်မှ ဆီအပြည့်နှင့် လိမ့်လာသည့် ပေပါနှင့် ခိုက်မိပြီး ခြေတစ်ဖက် ပျက်စီးခဲ့ရသည်။ ဖြတ်မပစ်ရသော်လည်း ခြေတစ်ဖက်မသန်သည့်ဘဝဖြင့် အနားယူခဲ့ရသည်။ အိမ်အတွက် သူ့အဖေတာဝန်ကို ပုခုံးပြောင်းထမ်းရင်း ရှစ်တန်းနှင့် ကျောင်းထွက်ခဲ့ရသည်။ ခုတော့ ကုန်တင်ကုန်ချ အလုပ်သမားလေးမှသည် ကုန်ထမ်းလုပ်သားကြီးတစ်ဦးဖြစ်လာခဲ့ပြီဖြစ်သည်။ သူ့ဘဝသည် ဘာတွေပြောင်းလဲခဲ့သလဲ။ မိန်းမနှင့် ကလေးသုံးယောက် တိုးလာသည်မှအပ ဘဝသည် လိုအပ်ချက်များစွာနှင့် ဖြစ်သည်။ ချမ်းသာဖို့အရေးဆိုသည်မှာ ဆောင်းမနက်ခင်းတွင် နေခြည်ပျောက်သလို ပျောက်နေဆဲဖြစ်သည်။ သားသမီးသုံးယောက်အကြောင်း စဉ်းစားမိတော့ သူ့ရင်တစ်ခုလုံး မီးဟပ်သလိုပူသည်။ ဆင်းရဲတွင်းနက်ထဲမှ လွတ်လမ်းမမြင်သည့် သားသမီးသုံးယောက်အတွက် သူတာဝန်မကျေသလို ခံစားရသည်။ ချမ်းသာချင်လွန်းသဖြင့် သူတက်ကျမ်းတွေ ဖတ်သည်။ ရိုးသားကြိုးစားရာမှ ချမ်းသာသွားသည့် ဗွီဒီယိုကားတွေကြည့်သည်။ ရိုးသားကြိုးစားသည့် မင်းသားက သူဌေးသမီးနှင့် ညား၍ ချမ်းသာသည်။ ဘယ်ကမှန်းမသိသည့် ဘိုးဘွားတွေသေပြီး အမွေရ၍ ချမ်းသာသည်။ ထီပေါက်သွား၍ချမ်းသာသည်။ တစ်ခုမှ ယုတ္တိမရှိ။ နောက်တော့ သူ ဗီဒီယိုကိုပင် မကြည့်တော့။ ကလေးသုံးယောက်နှင့် သူ့အတွက် သူဌေးသမီးနှင့်ညာဖို့ အိပ်မက်ပင် မမက်နိုင်။ သူ့ဘိုးဘွားများကလည်း သည်ရပ်ရွာမှာ ဓားမဦးချ နေလာခဲ့သူတွေ။ မျိုးကောင်းသော်လည်း ရွှေမကောင်းကြသူများသာ။ မျှော်လင့်စရာဆို၍ ထီတစ်ခုသာ ကျန်တော့သည်။ ဒါကလည်း သူ၏အိပ်မက်ကို ထောက်ကန်ပေးမည့် ထောက်တိုင်တစ်ချောင်းဟု မှတ်ယူထားလိုက်သည်။ ထီကိုတော့ လစဉ် ကံစမ်းသဘောဖြင့် စမ်းမည်ဟု ဆုံးဖြတ်လိုက်သည်။ ပုလင်းထဲရှိ လက်ကျန်အရက်ကို ငှဲ့လိုက်စဉ် ဝက်ခေါက်သုပ်ပန်းကန်ကို နားနေသည့် ယင်ကောင်ကို တွေ့လိုက်ရသည်။ သူခြောက်မထုတ်တော့ဘဲ လက်ဝါးနှစ်ဖက်ဖြင့် ရိုက်လိုက်သည်။ ယင်ကောင်က ပန်းကန်ထဲကျသွားသည် ထင်သည်။ ယင်ကောင်ကိုဖယ်လိုက်ပြီးနောက် ဖန်ခွက်ကိုမော့လိုက်သည်။ သားသမီးသုံးယောက်သည် သူ၏အိပ်မက်ပင်ဖြစ်သည်။ လက်တွေ့ဘဝမှာရှိနေ ကြသည့် အိပ်မက်များဖြစ်သည်။ မျှော်လင့်ချက်များဖြစ်သည်။ ထို့ကြောင့် မျှော်လင့်ချက်အိပ်မက်တွေရှိရာ အိမ်ကိုပြန်တော့မည်။ ကျန်နေသေးသည့် ဝက်ခေါက်သုပ်ကို အိတ်ဖြင့်ထည့်ခိုင်းလိုက်သည်။ နောက် အငယ်ကောင်ကြိုက်သည့် ခေါက်ဆွဲကြော်တစ်ထုပ် ပါဆယ်မှာလိုက်သည်။ လျှပ်စစ်မီးကင်းမဲ့သည့် သူနေထိုင်ရာ ရပ်ကွက်တွင်းတွင် တချို့တွေက အင်ဗာတာမီးဖြင့် အမှောင်ကို အန်တုနေကြသည်။ ဝင်းတံခါးဝတွင် သူ့မိန်းမစောင့်နေသည်ကို အဝေးမှမြင်လိုက်သည်။ ခြေလှမ်းတွေကို သွက်သွက်လှမ်းလိုက်သည်။ " မောင်မိုး နောက်ကျလိုက်တာကွယ် … " " ဟင် အဖေ … " တံခါးဝမှာ စောင့်နေသည်က အဖေဖြစ်နေသည်။ အဖေက သူပြန်လာမှ ထမင်းစားတတ်သူ ဆိုတာကို သူမေ့နေခဲ့သည်။ သားသမီးသုံးယောက်အကြောင်းကိုတွေးရင်း အဖေ့ကို မေ့နေခဲ့သည်။ " အိမ်ထဲကစောင့်နေတာ မဟုတ်ဘူး အဖေရာ၊ ခြင်ကိုက်ပါဘိသနဲ့၊ လာလာ အဖေ့ဖို့ ခေါက်ဆွဲကြော် ပါလာတယ် … " သည်အိမ်မှာ ခေါက်ဆွဲကြော်ကြိုက်တာ ဘယ်သူဆိုတာကို သူသိနေသလို အဖေလဲသိနေတာပဲ ဆိုသော အသိဖြင့် မလုံမလဲ အဖေ့မျက်နှာကို ကြည့်လိုက်မိသည်။ " မြေးလေးကျွေးလိုက်ပါကွယ် … " တဒေါက်ဒေါက်နှင့် လျှောက်လာသည့် အဖေ့ချိုင်းထောက်သံက သူ့နှလုံးသားကို နင်းလျှောက်သွားသလို ခံစားလိုက်ရသည်။ အဖေမှာလိုက်တဲ့ ပန်းသစ်တော်ကို နောက်ရက်ကျ ဝယ်ခဲ့ပါ့မယ်အဖေရယ်ဟု စိတ်ထဲမှ ကတိတွေ အထပ်ထပ်ပေးလိုက်မိသည်။ *** *** *** တောင်တွေ၊ တောင်တန်းတွေက တစ်ခုနှင့်တစ်ခု အနိမ့်အမြင့်တူချင်မှ တူမည်။ သို့သော် မြင့်မားခိုင်မတ်ခြင်း၊ လေးနက်တည်ကြည်ခြင်းအတွင်းသဘောတရာက ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။ ယောက်ျားတိုင်း သို့မဟုတ် ဖခင်တိုင်းသည်လည်း မိသားစုအပေါ်ထားသည့် သူတို့၏ ချစ်ခြင်းမေတ္တာများသည် ဘယ်သောအခါမျှ ရွေ့လျားပျက်ပျောက်သွားမည် မဟုတ်သည်ကို တောင်တန်းတွေကို သက်သေတည်၍ သစ္စာဆိုဝံ့ပါသည်။ ချစ်ခြင်းများဖြင့် သင့်ရဲ့ ရှဥ့်ညိုလေး Faces Mangzine (အမှတ် (၁၈၇)၊ ဧပြီ၊ ၂ဝ၁၇) ***** ***** ***** |
Authorစာရေးတယ်ဆိုတာဟာ တကယ်တော့... Archives
February 2017
Categories |